DVB Logo
Home
မြန်မာသတင်း
အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် ဖက်ဒရယ်ယူနစ် အစိုးရများ ဖွဲ့စည်းမည် 
DVB
·
January 31, 2024
အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် ဖက်ဒရယ်ယူနစ် အစိုးရများ ဖွဲ့စည်းမည် 
Donate to DVB

တော်လှန်ရေးအလွန်မှာ တော်လှန်ရေးအင်အားစုတွေထဲက ပါဝင်သင့်သူတွေ ပါဝင်ပြီး စုပေါင်း ခေါင်းဆောင်မှုနဲ့ အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကို ဖွဲ့စည်းသွားမယ်လို့ NUG အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြေညာပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ယူနစ်အစိုးရတွေကိုလည်း  သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက် လွတ်လပ်စွာ ဖွဲ့စည်းသွားမယ်၊ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုဟာ အာဏာရှင်စနစ် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စုပေါင်းပါဝင်ဦးဆောင်မှုနဲ့  နိုင်ငံသစ် တည်ဆောက်သွားမယ်လို့ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထား ရပ်တည်ချက် တရပ်ကို ဇန်နဝါရီ ၃၁ ရက် မနက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာလိုက်တာပါ။ 

ပြည်ထောင်စုအတွင်း နေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

ဦးတည်ချက်တွေထဲမှာတော့ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်သွားမယ်လို့ဆိုပါတယ်။

သက်ဆိုင်သူတွေအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့၊ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်သွားမယ်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ဖို့ သက်ဆိုင်သူ အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် လိုအပ်ကြောင်းနဲ့ အာဏာရှင်စနစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးအစုအဖွဲ့တွေပါဝင်ပြီး အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းသွားမယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်ကောင်စီ (သို့) မြန်မာစစ်တပ် ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့ကို အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG)နဲ့  အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရတွေ ဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်မယ်လို့ ဆိုပါတယ်။

ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ သတ်မှတ်ဖွဲ့စည်းရေးနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိတဲ့အခါ အဓိက သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားမဝင်တော့ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့မဟုတ်ဘဲ တော်လှန်ရေး အောင်မြင်ရေးဖို့နဲ့ စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုအသုံးချတာဟာ  စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားဖို့နဲ့  စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထုရဲ့ မဲပေး ရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းတယ်လို့လည်း ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရှိစေရ၊ နိုင်ငံရေးအခွင့်ထူးခံ အချင်းချင်းအကြား ပြုလုပ်တဲ့ အာဏာခွဲဝေမှုကို လက်မခံ၊ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်မှာ ညှိနှိုင်း ပူးပေါင်းပါဝင်သွားမယ်၊ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ် တာဝန်ရှိသူတွေအနေနဲ့  နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို လက်ခံလာပါက    စစ်အာဏာသိမ်းမှု အဆုံးသတ်တာနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ဆွေးနွေးခြင်းနဲ့ စစ်ကောင်စီ/မြန်မာစစ်တပ်ကို  စစ်ရေး၊ နိုင်ငံရေး ပြည်တွင်း/ပြည်ပ ကနေ ဖိအားပေးခြင်းလုပ်ငန်းစဉ်တွေလည်း အထူးကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013