
အီတလီနိုင်ငံတောင်ပိုင်း၊ နေပယ်လ်စ်မြို့အနီး ကမ်ပီဖလေးဂရေးဒေသမှာ ဇူလိုင် ၃၁ ရက်က ပြင်းအားပမာဏ ၄ ဒသမ ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် ကျောက်တုံးကြီးတွေ ပဲ့ကျပြီးတော့ ရပ်ထားတဲ့ မော်တော်ကားတွေပေါ် ပြုတ်ကျ ပိမိခဲ့တဲ့အပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကာ ရထားနဲ့ မြေအောက်ရထားလိုင်းပြေးဆွဲမှုတွေ ရပ်ဆိုင်းခဲ့ရတာနဲ့ အဆောက်အအုံ တချို့ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသစံတော်ချိန် ညနေ ၇ နာရီ ၄၆ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ဟာ နာပိုလီမြို့ အနောက်ဘက် ကမ်ပီဖလေးဂရေးဒေသ အနက် ၃ ကီလိုမီတာလောက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ အီတလီ အမျိုးသား ဘူမိရူပဗေဒနဲ့ မီးတောင်ဗေဒ အင်စတီကျုက ဆိုပါတယ်။
နေပယ်လ်စ်မြို့နဲ့ အနီးဝန်းကျင်မှာ အဆောက်အအုံတွေ အနည်းငယ် ပျက်စီးခဲ့တယ်လို့ သတင်းရရှိ ထားပေမဲ့ ဒေသခံတွေကို ကူညီပေးဖို့နဲ့ ကယ်ဆယ်ဖို့အတွက် အရေးပေါ် တောင်းဆိုမှုတွေတော့ ချက်ချင်း မရရှိသေးဘူးလို့ အီတလီ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒေသတွင်း ရထားနဲ့ မြေအောက်ရထား ပြေးဆွဲမှုတွေကို ဆိုင်းငံ့ထား လိုက်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီငလျင်ဟာ အဲဒီဒေသမှာ စံချိန်တင် လှုပ်ခတ်ခဲ့ဖူးသမျှ အားအပြင်းဆုံး ငလျင်တွေထဲက တခုဖြစ်ပြီး ငလျင်လှုပ်ချိန်မှာ တချို့ရပ်ကွက်တွေက လူတွေ လမ်းပေါ် ထွက်ပြေးခဲ့ကြရတယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြပါတယ်။
အီတလီနိုင်ငံ ပေါ့ဇွာလီမြို့မှာ ငလျင်ကြောင့် အဆောက်အအုံ အပြင်ဘက် ရပ်ထားတဲ့ ကားတစီးပေါ် အုတ်ကျိုး၊ ကျောက်ကျိုးတွေ ပိကျပြီး ကြေမွပျက်စီးခဲ့ပါတယ်။
Source:Reuters










