Home
နိုင်ငံတကာ
ဟူသီသင်္ဘောဖျက် ဒုံးကျည် ၁ စင်းကို ဖျက်ဆီးခဲ့ဟု အမေရိကန်စစ်တပ် ပြော
DVB
·
January 27, 2024

အမေရိကန်စစ်တပ်ဟာ ပင်လယ်နီထဲကို ဦးတည်ချိန်ရွယ်ပြီး ပစ်လွှတ်ဖို့ အသင့်ဖြစ်နေတဲ့ ဟူသီ သင်္ဘောဖျက် ဒုံးကျည် တစင်းကို ဖျက်ဆီးခဲ့ကြောင်း ဇန်နဝါရီ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီဒုံးကျည်ဟာ ဒေသတွင်းရှိ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်သည်သင်္ဘောတွေအတွက် မလွဲမသွေ ခြိမ်းခြောက်မှုတရပ် ဖြစ်နေတယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် X လူမှုမီဒီယာ ပလက်ဖောင်းမှာ ပို့စ်တင်ထားပါတယ်။ 

ဇန်နဝါရီ ၂၆ ရက်က ဟူသီသင်္ဘောဖျက်ဒုံးကျည်တစ်စင်းကြောင့် အေဒင်ပင်လယ်ကွေ့ရှိ ရေနံတင် သင်္ဘော တစင်း ပျက်စီးသွားပြီးနောက် ၈ နာရီကြာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းလည်း ဆိုပါတယ်။

မာရှယ်လ်ကျွန်းစုအလံ စိုက်ထူထားတဲ့ မာလင်လွမ်ဒါ လောင်စာဆီသင်္ဘောဟာ အရေးပေါ် ဖုန်းခေါ်ဆိုမှု လုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကို သတင်းပို့ခဲ့ကြောင်းလည်း အမေရိကန် ဗဟိုဌာနချုပ်ရဲ့ X ကွန်ရက်မှာ စနေနေ့က ပို့စ်တင်ထားပါတယ်။ 

အဲဒီရေနံတင်သင်္ဘောကို USS ကာရ်နီ နဲ့ တခြား မဟာမိတ်သင်္ဘောတွေက အကူအညီတွေ ပေးနေကြောင်းလည်း ဆိုထားပါတယ်။

ယီမင်ရှိ ဟူသီသူပုန်တွေဟာ ဇန်နဝါရီ ၂၆ ရက်က ပင်လယ်နီကိုဖြတ်သွားတဲ့ သင်္ဘောတွေကို အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် ထရာဖီဂူရာ ကုန်သွယ်ရေးကုမ္ပဏီရဲ့ကိုယ်စား မောင်းနှင် သွားလာနေတဲ့ ဗြိတိန်ရေနံတင်သင်္ဘော မာလင်လွမ်ဒါကို သင်္ဘောဖျက်ဒုံးကျည်တစင်း ထိမှန်ခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ 

မော်တော်ဘုတ်ဘက်ခြမ်းရှိ ကုန်လှောင်ကန်တခုမှာ လောင်ကျွမ်းခဲ့တဲ့မီးကို သင်္ဘောကုန်းပတ် ပေါ်ရှိ မီးသတ်ပစ္စည်းတွေနဲ့ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းလည်း ကုမ္ပဏီက အီးမေးလ်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးကလည်း ဟူသီရေတပ်မှ တပ်ဖွဲ့ဝင်တွေဟာ အေဒင် ပင်လယ်ကွေ့ရှိ ဗြိတိန်ရေနံတင်သင်္ဘော မာလင် လွမ်ဒါကို ပစ်မှတ်ထားပြီး သင့်လျော်တဲ့ ရေတပ်ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်ခဲ့ရာမှာ တိုက်ရိုက်ထိမှန်ပြီးတော့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်က ပြောကြားခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း ပင်လယ်နီနဲ့ အာရေဗျပင်လယ်တို့မှာ အစ္စရေးလမ်းကြောင်းဖက် အသွားအလာတွေကို ပိတ်ဆို့ခိုင်းထားပြီး ဂါဇာကမ်းမြောင်မှာ ဝိုင်းရံခံ ထားရတဲ့ ပါလက်စတိုင်းပြည်သူတွေဆီ အစားအသောက်နဲ့ ဆေးဝါးတွေကိုတော့ သွားခွင့်ပြု ထားတယ်လို့ ဆိုပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024