Home
မြန်မာသတင်း
ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းက အကြီးအကျယ်တိုက်ခိုက်နေ
DVB
·
January 27, 2024
Yan 2712024

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မြို့တွင်းမှာ မီးလောင်ပျက်စီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အခု ဇန်နဝါရီ ၂၄ ရက်နေ့ကစတင်ပြီး ဂျက်ဖိုက်တာ Y-12 လေယာဉ်နဲ့ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စျေးဆိုင်ခန်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်၊ မနက် ၈ နာရီအထိ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၂ ရွှေတုံးရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“မနေ့ကလည်း တရက်လုံး နေ့ရောညပါ ဗုံးကြဲနေတာ။ ဒီနေ့လည်း မနက် ၄ နာရီ လောက်ကတည်းက  ဂျက်ဖိုက်တာနဲ့  ၈ ကြိမ်လောက်ရှိမယ် လာကြဲနေတာ။ မြို့ထဲမှာဆိုရင် မီးခိုးတွေက နေ့တိုင်း အဆက်မပြတ်သွားဘူး။ မနေ့ကအထိ အမှတ် ၂ ရွှေတုံးရပ်၊ အမှတ် ၄ အောင်ဆိပ်ရပ်နဲ့ စျေးတန်းထဲကိုပစ်ချသွားတာ” လို့ ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၄ နာရီလောက်မှာ ရမ်းဗြဲမြို့မစျေးနဲ့ မြို့လယ်ဓမ္မာရုံအနီးကို ဂျက်ဖိုက်တာနဲ့  ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာပါတယ်။

တိုက်ခိုက်ခံရလို့ မြို့တွင်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စျေးဆိုင်ခန်းနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးနေပြီး မီးငြှိမ်းသတ်မယ့်သူ မရှိဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ရမ်းဗြဲမြို့ကနေ ထွက်ပြေးတိမ်းရှောင်သူတယောက်က “၂၄ ရက်နေ့ တိုက်ပွဲဖြစ်တဲ့ နေ့က စပြီး မြို့ပတ်ဝန်းကျင်နဲ့ မြို့ပေါ်ကို ဗုံးကြဲတာ၊ ဗုံးကြဲတော့ မီးလောင်တယ်။ မြို့ခံတွေက တိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးကုန်ပြီ။ မီးငြှိမ်းမယ့်လူ မရှိဘူး” လို့ ပြောပါတယ်။

ရမ်းဗြဲမြို့ သိမ်တောင်ကုန်းနဲ့ ကိုယ်ရံတော်တောင်နားမှာ ဇန်နဝါရီ ၂၄ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့၊ မနက် ၇ နာရီကျော်ကလည်း ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းက မြို့ထဲကိုလက်နက်ကြီး ၁၆ လုံး ပစ်ခဲ့ပြီး မနက် ၁၀ နာရီလောက်ကစလို့ ဂျက်ဖိုက်တာနဲ့ ၂၃ ကြိမ်၊ ည ၇ နာရီ ၅၇ မိနစ်မှာ Y-12 ထောက်ပို့ လေယာဉ်နဲ့ ၁၂ ကြိမ်၊ စုစုပေါင်းဗုံးသီး ၃၅ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၄ ရက်နေ့က အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ပေါက်တောမြို့ကိုလည်း ကြည်း၊ ရေ၊ လေ အစုံနဲ့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သလို ရမ်းဗြဲမြို့ကိုလည်း Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ဇန်နဝါရီ ၂၅ ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရမ်းဗြဲမြို့မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက် တာတွေကြောင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အသီးသီးက လူနေအိမ်၊ အဆောက် အအုံ တချို့ ပျက်စီးခဲ့သလို၊ ရမ်းဗြဲမြို့မဆေးရုံ၊ မြို့မစျေး၊ ရဲစခန်းနဲ့ စည်ပင်ရုံးပါ မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024