DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးပြတ်ချိန်များလာသဖြင့် အင်တာနက်သုံးစွဲသူများ အခက်ကြုံ
DVB
·
January 24, 2024
ရန်ကုန်တွင် လျှပ်စစ်မီးပြတ်ချိန်များလာသဖြင့် အင်တာနက်သုံးစွဲသူများ အခက်ကြုံ
Donate to DVB

ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာသလို စက်သုံးဆီဈေးတွေလည်း ပြန်တက်လာတာကြောင့် အင်တာနက်ကုမ္ပဏီတွေနဲ့ အင်တာနက်သုံးစွဲသူပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

လျှပ်စစ်မီး ပြတ်တောက်ချိန်များလာတာကြောင့် လုပ်ငန်းသုံးမီးစက်တွေအတွက် စက်သုံးဆီဝယ်ယူရပြီး ဆီဝယ်ရာမှာလည်း အခက်အခဲတွေ ရှိနေတာကြောင့် အင်တာနက် ပြတ်တောက်မှုတွေ ဖြစ်တယ်လို့ ပြည်တွင်း ဝိုင်ဖိုင်ကုမ္ပဏီတခုရဲ့ နည်းပညာရှင်တယောက်က ပြောပါတယ်။

“ရန်ကုန်မှာ အခုမီးက အချိန်နဲ့ပေးနေတာဆိုတော့ မီးတဲ့အချိန်မှာ အင်တာနက်ပြတ်တာတော့ရှိတယ်။ အကြောင်းအရင်းကတော့ ISP က အများအခေါ် မိန်းဆာဗာပေါ့။ အဲဒါတွေက ၂၄ နာရီ လျှပ်စစ်မီးနဲ့ Run နေရတာဖြစ်တဲ့အတွက် အခုလို မီးပျက်တဲ့အချိန်မှာ Backup generator တွေ မီးစက်တွေ သုံးပြီးတော့ ပေးရတယ်။ အခု ဒီလို ဆီဈေးတွေ တက်နေတာတွေ ဝယ်ရခက်နေတာတွေနဲ့ တခြားသော အခက်အခဲတွေကြောင့် Generator တွေ မရတဲ့အချိန်မှာ ဒီမိန်းဆာဗာကနေ ပေးထားတဲ့ မြို့နယ် ဒါမှမဟုတ် တမြို့နယ်ထက်ပိုတဲ့ နေရာတွေမှာ လျှပ်စစ်မီး ပြတ်တောက်တဲ့အချိန် အင်တာနက်လိုင်းတွေပါ ပြတ်တာမျိုးတွေ ဖြစ်နေတယ်။”

ISP (Internet service provider) ဆိုတာ သက်ဆိုင်ရာမြို့နယ်တွေမှာ တပ်ဆင်ထားတဲ့ သက်ဆိုင်ရာ ဝိုင်ဖိုင်ကုမ္ပဏီတွေရဲ့ ပင်မဆာဗာကို ဆိုလိုတာဖြစ်ပါတယ်။

အခုလို အင်တာနက်ပြတ်တောက်တာက ဆက်သွယ်ရေးနဲ့ ဝိုင်ဖိုင်ကုမ္ပဏီအကြီးတွေမှာ ဖြစ်လေ့ဖြစ်ထသိပ်မရှိပေမဲ့ ကုမ္ပဏီငယ်လေးတွေမှာတော့ မီးပျက်ချိန်များနေပြီး စက်သုံးဆီဝယ်ယူတာမှာ အခက်အခဲရှိတဲ့အချိန်တွေဆို အဖြစ်များတယ်လို့ ပြောပါတယ်။

လတ်တလောမှာ မီးပျက်ချိန်တွေ များနေတာဖြစ်လို့ အင်တာနက်ပြတ်တောက်မှုက ပိုဆိုးလာတဲ့အတွက် အင်တာနက်နဲ့ အလုပ်လုပ်ကိုင်ရာမှာ အခက်အခဲရှိတယ်လို့ ရန်ကုန်မြို့ခံ တယောက်က ပြောပါတယ်။

“ဒီရက်ပိုင်းက မီးတွေကလေ အရမ်းပျက်တယ်။ ဝိုင်ဖိုင်သုံးရတာ အင်တာနက်သုံးရတာ တခါတလေ Power Bank နဲ့ ချိတ်ပြီးတော့ သုံးတယ်ပေါ့။ အလုပ်တွေဘာတွေလည်း ရှိတော့လေ။ ဒါပေမဲ့ ဝိုင်ဖိုင်မှာရော Power Bank မှာပါ အားသွင်းဖို့ တိုင်ပတ်သွားရင် လုံးဝတိုင်ပတ်တာပဲ၊ အလုပ်လည်း အဆင်မပြေဘူးပေါ့နော် လိုင်း လုံးဝပြတ်သွားတုန်းကတော့ သူတို့ ချက်ချင်းလှမ်းမေးတာပေါ့။ ဘာလို့လဲဆိုပြီး သူတို့ဘက်ကတော့ ဝန်ဆောင်မှု အနေနဲ့ ကြည့်ပေးတယ် လိုအပ်ရင်သူတို့ ဒီဘက်က system board တွေကို လာပြင်ပေးပါတယ်။”

တရက်ကို လျှပ်စစ်မီးက စုစုပေါင်းလာချိန် ၈ နာရီလို့ ကြေညာထားပေမဲ့ တရက်ကိုပျမ်းမျှ ၆ နာရီလောက်ပဲ လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဇန်နဝါရီလ ၂၄ ရက်မှာ စက်သုံးဆီ ဓာတ်ဆီ 92  ၁ လီတာ ၂၄၆၆ ကျပ်၊ ဓာတ်ဆီ 95  က ၂၅၉၄ ကျပ်၊ ဒီဇယ် က  ၂၃၁၆ ကျပ်နဲ့ ပရီမီယံ ဒီဇယ်က ၂၃၇၆ ကျပ် လက်လီပေါက်ဈေးဖြစ်တယ်လို့ ကြေညာထားပါတယ်။

ရန်ကုန်မြို့အပါအဝင် နေရာတော်တော်များများမှာ စက်သုံးဆီဝယ်ယူဖို့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ရတာ၊ သတ်မှတ်ဈေးထက် မြင့်တက်နေတာနဲ့ တချို့နေရာတွေမှာ စက်သုံးဆီ ပြတ်လပ်တာတွေ ဖြစ်ပေါ်ဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013