DVB Logo
Home
မြန်မာသတင်း
ကန့်ကွက်နေသည့်ကြားက  အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်မည် 
DVB
·
January 23, 2024
ကန့်ကွက်နေသည့်ကြားက  အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်မည် 
Donate to DVB

နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တွေက ပြည်နယ်ဝန်ကြီးချုပ်တွေက ကန့်ကွက်နေကြပေမဲ့ မြန်မာနိုင်ငံနယ်စပ်မှာ သံဆူးကြိုးနဲ့ခြံစည်းရိုးကာမယ့် အစီအစဉ်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီး အမ်မာရှားက အတည်ပြု ကြေညာလိုက်တဲ့အကြောင်း အိန္ဒိယသတင်းတွေမှာဖော်ပြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်မျဉ်းကနေ ၁၆ ကီလိုမီတာအတွင်း ဒေသခံတိုင်းရင်းသားတွေ လွတ်လပ်စွာ သွားလာနိုင်ဖို့ ခွင့်ပြုပေးထားတဲ့ အစီအစဉ်ကိုလည်း ပယ်ဖျက်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

ဒါဟာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက လက်ကျန်ရှိနေတဲ့ အလေ့အထတခုဖြစ်ပေမဲ့ လွန်ခဲ့တဲ့ခြောက်နှစ်ကမှ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ တရားဝင်သဘောတူညီခဲ့ကြတဲ့ နှစ်နိုင်ငံသဘောတူညီမှုတခု ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးရဲ့ ကြေညာချက်အပေါ် ရဲဝန်ထမ်းအဖြစ်ကနေ နိုင်ငံရေးလောကထဲ ပြောင်းလဲ ဝင်ရောက်လာတဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟာမာက စိတ်ပျက်အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

နာဂလန်းရဲ့ ဒုပြည်နယ်ဝန်ကြီးချုပ် ဝိုင်ပတ်တန်ကလည်း "နာဂလူမျိုးတွေဟာ နှစ်နိုင်ငံ နယ်စပ်မျဉ်းရဲ့ နှစ်ဘက်လုံးမှာ နေကြသူတွေဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ မရှိဘူး" လို့ ပြောပါတယ်။

ဒါပေမဲ့ အိန္ဒိယအစိုးရဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဘာရာတီယာ ဂျာနာတာ (BJP) ပါတီဝင် မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက နယ်စပ်ခြံစည်းရိုးကာဖို့ ဖိအားပေးနေတာအပြင် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု၊ မူးယစ်နဲ့ လက်နက်မှောင်ခိုကူးမှု၊ နယ်စပ်ဒေသပုန်ကန်မှုတွေ ပိုမိုများပြားစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို မြေပြင်မှာ ဖျက်သိမ်းထားခဲ့တာတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။ 

မဏိပူရပြည်နယ် ဝန်ကြီးချုပ်ရဲ့ အမြင်ဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို နိုင်ငံတော်ရဲ့ ပြဿနာအဖြစ် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ယူဆလာခဲ့ကြတဲ့ ဘာရာတီယာ ဂျာနာတာ (BJP) ပါတီဝင်အစိုးရခေါင်းဆောင်တွေရဲ့ အမြင်နဲ့ ထပ်တူကျနေပြီး ပိုမိုရှည်လျားတဲ့ ကီလိုမီတာ ၄၀၉၆ အရှည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုပါ ခြံစည်းရိုးကာဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

၁၆၄၃ ကီလိုမိတာအရှည်ရှိတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်မှာ ခြံစည်းရိုးကာထားတာ ၁၀ ကီလိုမီတာသာရှိပြီး နယ်စပ်မျဉ်းရဲ့ တဖက်တချက်မှာ နေထိုင်ကြတဲ့ နှစ်နိုင်ငံသားတွေဟာ နယ်စပ်မျဉ်းကနေ ၁၆ ကီလိုမီတာအကွာနယ်မြေအတွင်းကို ဗီဇာမလိုဘဲ နှစ်ပတ်ကြာ ကူးသန်းသွားရောက်နေထိုင်ခွင့်ရှိကြပါတယ်။

အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကို ၁၉၈၆ ခုနှစ်မှာ စတင်ကာရန်ခဲ့တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ခြံစည်းရိုးဆောက်လုပ်ခြင်းကို တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

၄၀၉၆ ဒသမ ၇ ကီလိုမီတာအရှည်ရှိတဲ့ ခြံစည်းကာရံခြင်းအတွက် နောက်ဆုံးသတ်မှတ်ကာလဖြစ်တဲ့ မတ်လ ၂၀၂၄ မှာတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနက အပြီးသတ်နိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယသတင်းမှာ သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၂-၂၃ အစီရင်ခံစာအရ ၃၁၈၀ ဒသမ ၆၅ ကီလိုမီတာကို ခြံစည်းကာရံတဲ့ လုပ်ငန်း ပြီးစီးခဲ့ပြီး နောက်ထပ် ၉၁၅ ဒသမ ၃၅ ကီလိုမီတာကို ခြံစည်းရိုးကာရံဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ခြံစည်းရိုးကာဖို့ ကျန်နေသေးတဲ့ နယ်မြေ ၅ ခု ကတော့ Malda, West Bengal ပြည်နယ်က Murshidabad နဲ့ Cooch Behar ၊ Assam ပြည်နယ်ထဲက Karimganj နဲ့ Meghalaya ပြည်နယ်ထဲက West Jaintia Hills တို့ဖြစ်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာလိုက်တာကြောင့် နယ်စပ်ဒေသမှုခင်းတွေ၊ မှောင်ခိုမှုနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေ လျော့ကျသွားခြင်းမရှိဘူးလို့ နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ထုတ်ပြန်တဲ့ စစ်တမ်းတွေကို ကြည့်ပြီးသိနိုင်ပါတယ်။ 

ဥပမာအားဖြင့် ဖမ်းမိတာတွေများလာတာဟာ မှောင်ခိုလုပ်ငန်းတွေ များပြားလာတာကို ဖော်ပြတယ်ဆိုရင် ဘန်ဂေါတောင်ပိုင်းပြည်နယ်အတွင်းမှာ ခြံစည်းကာရံပြီးနောက် ရွှေမှောင်ခိုမှုဖမ်းမိတာ နှစ်ဆနီးပါး များပြားလာခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ အမျိုးသားရေးဝါဒလွှမ်းမိုးတဲ့ အစိုးရအတွက် လွှတ်တော်ရွေးကောက်ပွဲဝင်ရမယ့်အချိန်ဟာ ၅ လ တောင်ပြည့်အောင်မကျန်တော့ဘူးလို့ သုတေသီတွေက ပြောပါတယ်။

စာရေးဆရာ ဝါရင့် ဝေဖန်ရေးသမား ဆူခရန်ဂျန်ဒတ်စ်ဂူပ်တာက"အဲဒီလို အလျင်လိုနေတာကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို အဓိကပြဿနာလို ပုံဖော်ပြီး တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးတိုက်ဖျက်နေတာဟာ ဘာရာတီယာဂျာနာတာ (BJP) ပါတီရဲ့ သူတော်စင်မြေ အယုဒ္ဓယမှာ ရမ်ဘုရားကျောင်းဖွင့်ပွဲနဲ့ အလုပ်တွေရှုပ်နေတဲ့ ဘာသာရေးဗန်းပြ ရွေးကောက်ပွဲ ကစားကွက်နဲ့လည်း အံဝင်ခွင်ကျဖြစ်နေတယ်" လို့ ဝေဖန်ပြောပါတယ်။ အိန္ဒိယဟာ အန္တရာယ်ရှိနေပြီဆိုတဲ့ ပုံဖော်နေတာပဲဖြစ်တယ်လို့လည်း  သူကပြောပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ နာဂနဲ့ မီဇို၊ ကူကီး၊ ချင်း တိုင်းရင်းသားတွေအတွက်ကတော့ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ဖျက်သိမ်းလိုက်တာဟာ နယ်စပ်မှာ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာခွင့်မရတော့ဘဲ မဏိပူရဝန်ကြီးချုပ်ဟောင်း ကင်ဂန်တေ ပြောတဲ့ “တိုင်းရင်းသားဆွေမျိုးတွေ အတင်းဖိအားပေး ခွဲခွာခံရတယ်” ဆိုသလို ဖြစ်သွားတော့မှာပါပဲ။

ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ မေတိန်းလူမျိုးတွေနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ ကူကီးလူမျိုးတွေကြားက အခုချိန်ထိ အရှိန်မလျော့သေးတဲ့ ပဋိပက္ခရယ်၊ မြန်မာနိုင်ငံက ချင်းလူမျိုးတွေ အမြောက်အမြား ဝင်ရောက်လာတာတွေရယ်ကြောင့် မေတိန်းလူမျိုးတွေက မဏိပူရမှာ သူတို့ကြီးစိုးလွှမ်းမိုးထားတဲ့ အခြေအနေကနေ လျော့ကျသွားမှာကို စိုးရိမ်နေကြပါတယ်။ 

မဏိပူရပြည်နယ်မှာ ဖြစ်တဲ့ပြဿနာက ဘာလို့ တနိုင်ငံလုံးက ပြည်သူတွေကို ရိုက်ခတ်စေတဲ့နိုင်ငံရေးပြဿနာ ဖြစ်လာရမှာလဲလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဇိုရမ်သန်ဂါ က ပြောပါတယ်။  

"ဗဟိုအစိုးရရဲ့ ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့တဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ဆန့်ကျင်သလို နယ်စပ်မှာ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းမယ့် အစီအစဉ်ကိုလည်း ကျနော်တို့ ဆန့်ကျင်ရမယ်။”

မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ဒုက္ခသည်အများစုဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက မီဇိုနဲ့ ကူကီးလူမျိုးတွေနဲ့ ဆွေမျိုးတော်စပ်ကြတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ 

ဒေသတွင်း တိုင်းရင်းသားလူမျိုးတွေ နယ်စပ်မျဉ်းရဲ့ တဖက်တချက်စီမှာ သဘာဝအတိုင်း ဖြန့်ကြက်တည်ရှိနေမှုဟာ တခါတရံ နိုင်ငံ့ဦးစားပေး အရေးတွေနဲ့ အကြာင်းမသင့် ဖြစ်လေ့ရှိတယ်လို့ နယူးယော့ခ်အခြေစိုက် EurasiaReview ရဲ့ သတင်းကမှာ ရေးပါတယ်။

Source: EurasiaReview

Photo : Rickhawdar (left; Myanmar) - Zokhawthar (right; India) border crossing. Photo Credit: Ericwinny, Wikipedia Commons

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013