DVB Logo
Home
မြန်မာသတင်း
ပိတ်ရက်အတွင်း ကျိုက်ထီးရိုးသို့ ဘုရားဖူး ၃ သောင်းခွဲကျော် ဝင်ရောက်
DVB
·
January 22, 2024
ပိတ်ရက်အတွင်း ကျိုက်ထီးရိုးသို့ ဘုရားဖူး ၃ သောင်းခွဲကျော် ဝင်ရောက်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ဇန်နဝါရီ ၂၀ နဲ့ ၂၁ ရက် ပိတ်ရက်အတွင်း ဘုရားဖူး ၃ သောင်းခွဲကျော် ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ အဆင်ပြေကြတယ်လို့ ဂေါပကနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စနေ၊ တ‌နင်္ဂနွေ အလုပ်ပိတ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂၀ နဲ့ ၂၁ ရက်နေ့မှာ ပြည်တွင်း ပြည်ပမှ ဘုရားဖူး ၃ သောင်းခွဲကျော် ဝင်လာတဲ့အတွက် ပုံမှန်နှုန်းနဲ့ ဘုရားဖူးဝင်ရောက်နေပြီလို့ ဂေါပကအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီပိတ်ရက်မှာ ဘုရားဖူးက မထင်ထားလောက်အောင် ဝင်ပါတယ်။ အရင် ကိုဗစ်ကာလ မတိုင်ခင်ကပုံစံမျိုး ဘုရားဖူးက ဝင်ရောက်နေပါပြီ။ အခု ဘုရားဖူးက ထမင်းဆိုင်တန်းတွေကော ရင်ပြင်တော်တွေကော ပြည့်နေတာပဲ။ ဘုရားဖူးဝင်တာများတော့ ဒေသခံတွေအတွက်လည်း အဆင်ပြေတာပေါ့။ အခုနှစ်ရက်အတွင်း ၃ သောင်းခွဲကျော် ဝင်တယ်ဆိုတာ တောင်တက်ကားစာရင်းအရပဲ။ ကုန်းကြောင်းတက်တဲ့သူတွေလည်း ရှိတာဆိုတော့ ဒီထက်ပိုများနိုင်ပါတယ်။ မနှစ်က တနှစ်လုံးဆို ဘရားဖူးက ၃ သိန်းလောက်ပဲ ဝင်ခဲ့တာ။ ဒီနှစ်တော့ ကျနော်တို့က ၁၀ သိန်းနီးပါးအထိ ဝင်ဖို့တော့ ခန့်မှန်းထားတယ်။”

ကျိုက်ထီးရိုးစေတီကို ဘုရားဖူးဝင်ရောက်မှုများတာကြောင့် တောင်ပေါ်မှာရှိတဲ့ အထမ်းသမား၊ ဈေးဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေ အဆင်ပြန်ပြေလာကြတယ်လို့ ထမင်းဆိုင်ဖွင့်နေသူတဦးက ပြောပါတယ်။

“ဒီလိုပြန်မရောင်းကောင်းတာ ၄ နှစ်လောက်ရှိပြီ။ ဘုရားဖူးက ဆက်တိုက်ဝင်နေလို့ တချက်မှတောင် မနားရပါဘူး။ ထမင်းဆိုင်တခုတည်း ရောင်းကောင်းတာမဟုတ်ဘူး၊ တခြားဈေးဆိုင်တွေလည်း တော်တော်ရောင်းကောင်းတာ။ ဈေးလေးရောင်းရတော့ တင်နေတဲ့အကြွေးလေးတွေ ပြန်ဆပ်ရတာပေါ့။ အရင် ၃၊ ၄ နှစ်က ဈေးဦးတောင် မပေါက်ခဲ့တဲ့နေ့တွေ ရှိပါတယ်။”

ကျိုက်ထီးရိုးတောင်ပေါ်မှာရှိတဲ့ တည်းခိုခန်းနဲ့ ဟိုတယ်တွေမှာလည်း နောက်တပတ်အတွက်ပါ အခန်းတွေ ဘိုကင်ပြည့်နေတာကြောင့် ကျိုက်ထီးရိုးဘုရားသွားဖို့ ရက်ရွှေ့လိုက်ရတယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို ပြည်တွင်းဘုရားဖူး ၂၈၄,၀၇၉ ဦးနဲ့ ပြည်ပဘုရားဖူး ၁၀,၂၁၄ ဦး စုစုပေါင်း ၂၉၄,၂၉၃ ဦး လာရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013