DVB Logo
Home
မြန်မာသတင်း
ညောင်ဦးနှင့် အင်းတကော်တွင် မီးလောင်ပြီး မွေးကင်းစကလေး ၁ ဦးနှင့် အမျိုးသား ၁ ဦးသေဆုံး
DVB
·
January 21, 2024
ညောင်ဦးနှင့် အင်းတကော်တွင် မီးလောင်ပြီး မွေးကင်းစကလေး ၁ ဦးနှင့် အမျိုးသား ၁ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ပဲခူးတိုင်း၊ အင်းတကော်မြို့တို့မှာ မီးလောင်ခဲ့ပြီး မွေးကင်းစ ကလေးငယ် ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ မီးလောင် သေဆုံးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ရွှေလှိုင်းကျေးရွာက လူနေအိမ်မှာ ဇန်နဝါရီ ၂၀ ရက် မနက်   ၉ နာရီ ၅ မိနစ်လောက်က ထမင်းချက်ပြီး မီးကြွင်းမီးကျန်ကနေ မီးစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်လို့ အသက် ၁၅ ရက်သား မွေးကင်းစ မိန်းကလေးငယ် ၁ ယောက် မီးလောင် သေဆုံးသွားပြီး သွပ်မိုးထရံကာ အိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တယောက်က “အိမ်က တအိမ်တည်း ပါသွားတာ။ သေဆုံးတာတော့ ၁၅ ရက်သား သမီးလေးတဦးပါ။ အိမ်က မြေစိုက်လူနေအိမ်။ ထမင်း ဟင်းချက်ပြီး အလုပ်သွားရင်း ဖြစ်တာ” လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို တောင်ဇင်းနယ်မြေမီးသတ်က မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး မနက် ၉ နာရီ ၁၇ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

ဇန်နဝါရီ ၁၉ ရက် မနက် အစောပိုင်း ၂ နာရီ မိနစ် ၅၀ လောက်ကလည်း ပဲခူးတိုင်း၊ အင်းတကော်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးက Farmer ဆီဆိုင်မှာ မီးလောင်ခဲ့ပါတယ်။

မေတ္တာရွှေစင်ပရဟိတအသင်း တာဝန်ရှိသူတယောက်က “ဆီသိုလှောင်ကန်မှာ ဆီဖြည့်ရင်းနဲ့ လောင်တာပါ။ တယောက်ကတော့ တကိုယ်လုံးကို မီးလောင်ထားတာ။ စက်သုံးဆီဆိုင် ဝန်ထမ်းပါပဲ” လို့ ဆိုပါတယ်။

ဆိုင်အတွင်း ဆီသို‌လှောင်ကန်ကို ဆီဖြည့်‌နေချိန် လျှံကျရာက မီးစတင်လောင်ခဲ့တာဖြစ်ပြီး ဆီဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုသန်းထွန်းအောင်ရဲ့ တကိုယ်လုံး မီးလောင်ဒဏ်ရာရရှိပြီး သေဆုံးသွားပါတယ်။

မီးလောင်နေရာကို ပဲခူးခရိုင်၊ မြို့နယ်နဲ့ အင်းတကော် နယ်မြေမီးသတ်တို့က မီးငြှိမ်းသတ်ယာဉ် ၅ စီးနဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး မနက် ၃ နာရီ ၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အင်းတကော်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး သေဆုံးရုပ်အလောင်းကို မေတ္တာရွှေစင်ပရဟိတအသင်းယာဉ်နဲ့ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာလည်း ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက မီးကြွင်းမီးကျန်ကနေ မီးလောင်ခဲ့လို့ အိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မလော့ကျေးရွာအုပ်စု၊ ပေချောင်းကျေးရွာက နေအိမ် ၁ လုံးရဲ့ မီးဖိုကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး အိမ်ထရံကတဆင့် ဘေးအိမ်တွေကို ဆက်ကူးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

မီးလောင်လို့ ဓနိမိုး ထရံကာ ပျဉ်ခင်း နေအိမ် ၃ လုံး ဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်တာတော့ မရှိခဲ့ပါဘူး။

ဓာတ်ပုံ- ညောင်ဦးမီးသတ်၊ မေတ္တာရွှေစင်ပရဟိတအသင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013