DVB Logo
Home
မြန်မာသတင်း
ရေစကြို ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံး စီးနင်းခံရ၊ အုတ်ဖိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
DVB
·
January 18, 2024
ရေစကြို ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံး စီးနင်းခံရ၊ အုတ်ဖိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက ရုံးပေါင်းစုံ (ထွေအုပ်ရုံး) နဲ့ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်း) ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး ၄ ယောက်သေဆုံး၊ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံနဲ့ ငြိမ်းဇာနည် တပ်စခန်းတွေကို ဇန်နဝါရီ ၁၇ ရက် မနက် ၆ နာရီ ၁၀ မိနစ်လောက်ကစတင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီဘက်က နှစ်ဖက်ညှပ်ပြီး ခုခံနေတာကို စခန်းသိမ်းနိုင်ဖို့ ကြိုးပမ်းတိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေ၊ ဒရုန်းတွေ၊ RPG တွေနဲ့ ဘန်ကာထဲတွေအထိ ပစ်ခတ်နိုင်ခဲ့တယ်။”

စစ်ကောင်စီဘက်က စစ်ကူတွေ ထွက်လာတယ်လို့ သတင်းကြားတာကြောင့် မနက် ၈ နာရီလောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က စစ်ကြောင်းမှူး ဆရာကရင်နဲ့ ထိန်းသိမ်းရေးခေါင်းဆောင် ရဲဘော်သုံးသုံးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့၊ LY-PDF၊ BSG-LPDF၊ Royal Eagle၊ ဗိုလ်ခြောက်ဆယ်၊ NYSO၊ ရွှေညာမြေ၊ TPG ပြောက်ကျားတပ်ဖွဲ့နဲ့ သွေးသောက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲ့ ဂမုန်းဆည်မှာရှိတဲ့ ရေတံခါးထိန်း ဝန်ထမ်းတွေ နေထိုင်တဲ့ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို ဇန်နဝါရီ ၁၆ ရက် မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊တပ်ရင်း (၃၈၀၂)-တပ်ခွဲ (၄) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဂမုန်းဆည်မှာ အင်းအား ၅၀ လောက်နဲ့ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)-တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ ကျားကြီးစစ်ကြောင်းကနေ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်း (၃၈၀၂)ရဲ့ တပ်ခွဲမှုး ဒေဝက "သူတို့အထိုင်စခန်းက ဝိုင်းအုပ်စု ဝိုင်းရဲကင်းပေါ့။ သူတို့က ၁၅ ရက်နေ့က တက်လာပြီး ဂမုန်းဆည်မှာတပ်စွဲတာ။ ကျနော်တို့က ၁၆ ရက်နေ့ မနက် ၇ နာရီမှာ သွားစောင့်တာပေါ့နော်။ ကျနော်တို့က တာဝါတိုင်ကုန်းကနေ မိုင်းကွင်းကို ဆုတ်ခွာတဲ့ပုံစံနဲ့ မျှားခေါ်ပြီး မိုင်းကွင်းအရောက်မှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတဲ့အပြင် ငှက်ပျောတောကနေ ဝိုင်းရဲစခန်းနားထိလည်း လိုက်ပစ်ခဲ့သေးတယ်" လို့ ပြောပါတယ်။

တိုက်ပွဲက ၄၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး အင်အားစုဘက်တော့ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။ တော်လှန်းရေး အင်အားစုဘက်က ပဒေသာမိုင်းအပြင် ၄၀ မမ၊ အခြား လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်ဆုတ်ထွက်ပြေးသွားခဲ့ပြီး ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၄၀ တောင့်၊ လေးခွ ၁ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013