
မကွေးတိုင်း မြိုင်မြို့နယ်အခြေစိုက် Burma Federal Column (BFC) ရဲ့ တပ်ဖွဲ့ဝင် ၁ ယောက် ဟာ လက်နက်နဲ့အတူ မတ် ၂၄ ရက်က စစ်ကောင်စီတပ်ဆီ ပူးပေါင်းသွားတယ်လို့ အဲဒီ တပ်ဖွဲ့ဆီ ကနေ သိရပါတယ်။
BFC ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့က ကျနော်တို့တပ်ဖွဲ့ဝင် ကောင်းခန့် (ခေါ်) ရဲဘော်ဖြူဖွေးက သူ့ရဲ့တကိုယ်ရေးသုံးပစ္စည်းတွေ ဝယ်ဖို့ဆိုပြီးတော့ ဒေသခံတယောက်ကို ကမ္မမြို့ဈေး လိုက်ပို့ခိုင်းတယ်။ အဲဒီမှာပဲ ကမ္မမြို့နားက ညောင်ဂျစ်ပင်ပျူစောထီးစခန်းထဲဝင်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားတာ။ သေနတ်လည်းပါသွားတယ်။ သူ့ကိုလိုက်ပို့တဲ့ ဒေသခံကတော့ ပြန်ရောက်လာပါတယ်” လို့ ပြောပါတယ်။
ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာမှာ အထိုင်ချနေတဲ့စစ်ကောင်စီတပ်ဆီ ပူးပေါင်းသွားတဲ့ ကောင်းခန့် (ခေါ်) ရဲဘော်ဖြူဖွေး ဟာ MA-1 သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ခုတို့လည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က “သူ့ဇာတိက ပခုက္ကူကပါ။ ဒီဘက်နယ်မြေထဲကို ၂၀၂၂ ကတည်းကရောက်လာပြီး တော်လှန်ရေးရဲဘော်အဖြစ်နဲ့ တာဝန် ထမ်းဆောင်နေရင်း ကျနော်တို့ အညာမြေတပ်ပေါင်းစုက သင်တန်းတခု တက်ရောက်ချိန်မှာတော့ ပခုက္ကူဇာတိလို့ မပြောခဲ့ဘဲ တခြားရွာတရွာကလို့ လိမ်ပြီးတော့ စာရင်းပေးခဲ့ဘူးတယ်။ အခုလည်း ကျနော်တို့ရဲဘော်တွေနဲ့ မစ်ရှင်တခုသွားရင်းကနေ ဟိုဘက်ကူးသွားတာ။ တော်လှန်ရေးတပ်ဖွဲ့ထဲမှာ ၃ နှစ်ကျော်လောက် နေခဲ့တာပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ပူးပေါင်းသွားတဲ့ ကောင်းခန့်ဟာ သူနဲ့ရင်းနှီးခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေကို လည်း စစ်တပ်နဲ့ပူးပေါင်းဖို့ ဖုန်းနဲ့ဆက်သွယ်ပြီး ခေါ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကောင်းခန့် စစ်ကောင်စီတပ်နဲ့ပူးပေါင်းသွားတဲ့အတွက် မြိုင်မြို့နယ်ထဲကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာနိုင်တာကြောင့် ဒေသခံတွေ အနေနဲ့လည်း သတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










