
ယီမင်နိုင်ငံရဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိုးရနဲ့ အီရန်ကို ထောက်ခံတဲ့ ဟူသီအဖွဲ့တို့ဟာ အကျဉ်းသား ၁,၆၀၀ ကျော်ကို လွှတ်ပေးဖို့ မေ ၁၄ ရက်မှာ သဘောတူခဲ့ကြပြီး ဒါဟာ ဆယ်စုနှစ်တခုကျော်ကြာတဲ့ စစ်ပွဲ စတင်ပြီးနောက်ပိုင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုလည်း ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကို ဂျော်ဒန်နိုင်ငံ အမ်မန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားတခုအတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟန်စ်ဂရွန်းဒ်ဘာ့ဂ်က ကြေညာခဲ့တာဖြစ်ပြီး နှစ်ဖက်ကိုယ်စားလှယ်တွေ ၁၅ ပတ်ကြာ တိုက်ရိုက်ဆွေးနွေးခဲ့ပြီးနောက်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂရွန်းဒ်ဘာ့ဂ်က “ဒီသဘောတူညီချက်ဟာ သူတို့ရဲ့ မိသားစုဝင်တွေအကြောင်း သတင်းစောင့်နေခဲ့ရတဲ့ မိသားစု ထောင်ပေါင်းများစွာအတွက် မျှော်လင့်ချက်တခု ပေးလိုက်တာဖြစ်တယ်” လို့ ဆိုပါတယ်။
သဘောတူညီချက်အရ ဟူသီအဖွဲ့က အကျဉ်းသား အယောက် ၅၈၀ ကို လွှတ်ပေးမှာဖြစ်ပြီး အဲဒီထဲမှာ ဆော်ဒီနိုင်ငံသား ၇ ယောက်နဲ့ ဆူဒန်နိုင်ငံသား အယောက် ၂၀ ပါဝင်ပါတယ်။
အစိုးရဘက်ကတော့ ဟူသီအကျဉ်းသား အယောက် ၁,၁၀၀ ကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ဟူသီတာဝန်ရှိသူ အဗ္ဗဒူလ် ကေဒါ အယ်လ်-မော်တဒါက X မှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် နှစ်ဖက်စလုံးဟာ နောက်ထပ် အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ ဆက်လက် ဆွေးနွေးသွားကြမှာ ဖြစ်သလို အကျဉ်းထောင်တွေကို အပြန်အလှန် သွားရောက်ကြည့်ရှုခွင့် ပေးဖို့လည်း သဘောတူခဲ့ကြပါတယ်။
အကျဉ်းသားလွှတ်ပေးရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ။
ယီမင်ပဋိပက္ခဟာ ၂၀၁၄ ခုနှစ်မှာ ဟူသီအဖွဲ့က မြို့တော် ဆာနားကို သိမ်းပိုက်လိုက်ရာကနေ စတင်ခဲ့တာဖြစ်ပြီး နောက်တနှစ်မှာတော့ ဆော်ဒီဦးဆောင်တဲ့ စစ်ရေးဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီစစ်ပွဲကြောင့် လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ရသလို ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတခုကိုလည်း ကြုံတွေ့ခဲ့ရတာပါ။
၂၀၂၃ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့တဲ့ အကျဉ်းသားလဲလှယ်မှုတခုမှာလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ စီစဉ်ပေးမှုနဲ့ အကျဉ်းသား ၉၀၀ နီးပါး လွတ်မြောက်ခဲ့ပါတယ်။
Source: Reuters










