
တရုတ်မြေရှားမြို့လေး ပေါင်းထိုမှာ ကျောင်းတွေကနေ ဓာတ်ခွဲခန်းတွေအထိ ပါဝင်တဲ့ စနစ်တခုလုံးဟာ အရေးပါတဲ့ သယံဇာတတွေကို ဂျက်အင်ဂျင်၊ လျှပ်စစ်ကားနဲ့ လေရဟတ်တွေကို စွမ်းအင်ပေးတဲ့ သံလိုက်တွေအဖြစ် ပြောင်းလဲထုတ်လုပ်မဲ့ ပတ်လည်ကွင်းဆက်တခု ဖန်တီးဖို့ ထူထောင်ထားတာ ဖြစ်ပါတယ်။
ဒီမြို့မှာ မြေရှားသတ္တုနဲ့ပတ်သက်တဲ့ ခေတ်မီဓာတ်ခွဲခန်း ၄၀ ကျော်ရှိပြီး တက္ကသိုလ်နဲ့ ကောလိပ် ၁၁ ခုကနေ နှစ်စဉ် ကျောင်းသား ၅၀၀ ကျော်ကို မွေးထုတ်ပေးနေပါတယ်။
ဒီလို ကျွမ်းကျင်ပညာရှင်တွေ ထုတ်လုပ်နိုင်စွမ်းက ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ကို တရုတ်က ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။
၂၀၂၃ ခုနှစ်ကစပြီး မြေရှားသတ္တု နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ တင်ပို့ခွင့်ကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဧပြီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စည်းကြပ်ခွန်တွေ တိုးမြှင့်ပြီးနောက်ပိုင်း ပညာရှင်တွေနဲ့ နိုင်ငံခြားသားတွေ ဆက်သွယ်မှုကို ကန့်သတ်လိုက်သလို နည်းပညာရှင်တချို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။
ထရမ့်ပ်နဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေကတော့ မြေရှားသတ္တု သန့်စင်မှုအပိုင်းမှာ တရုတ်ရဲ့ ချုပ်ကိုင်ထားမှုကို ချိုးဖျက်ဖို့ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားကြပါတယ်။
ဒါပေမဲ့ ဆယ်စုနှစ်ချီ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပေါင်းထိုမြို့က လူ့စွမ်းအားအရင်းအမြစ်တွေကြောင့် တရုတ်နိုင်ငံဟာ အားသာချက် အများကြီးရှိနေဆဲ ဖြစ်ပါတယ်။
မြေရှားသတ္တု ထုတ်လုပ်ရာမှာ ကုန်ကျစရိတ် မြင့်မားတဲ့အပြင် စနစ်တကျ မသိမ်းဆည်းရင် မြေဆီလွှာနဲ့ ရေကို အဆိပ်သင့်စေသလို အမြဲထိတွေ့နေသူတွေမှာလည်း အသက်ရှူလမ်းကြောင်းနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာတဝန်းက ထုတ်လုပ်နေတဲ့ မြေရှားသတ္တုနဲ့ မြေရှားသံလိုက် ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံကပဲ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။










