DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်၌ ပညာရေးစုံညီပွဲတော်ကျင်းပနေသည့် မူလတန်းကျောင်းက ဆရာ ဆရာမများ ဖမ်းဆီးခံရ
DVB
·
January 12, 2024
မင်းတုန်းမြို့နယ်၌ ပညာရေးစုံညီပွဲတော်ကျင်းပနေသည့် မူလတန်းကျောင်းက ဆရာ ဆရာမများ ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်းတရွာ မူလတန်းကျောင်းမှာ ပညာရေးစုံညီပွဲတော် ကျင်းပနေစဉ် လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဝင်ရောက်စီးနင်းပြီး Non-CDM ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၁၀ နာရီက ကျောင်းအတွင်း ပွဲကျင်းပနေစဉ် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဆရာ ဆရာမ  ၁၄ ဦးကို ဖမ်းဆီးကာ ကျပ်ငွေ သိန်း ၂၀ နဲ့ ရွေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေခံတဦးက “အဲ့ဒီကျောင်းက ဆရာနဲ့ ဆရာမတွေကို တော်လှန်ရေးအဖွဲ့တချို့က စစ်ကောင်စီခိုင်းတဲ့အတိုင်း မလုပ်ဖို့ သတိပေးထားတာမျိုးရှိတယ်။ CDM လုပ်ကြဖို့လည်း တိုက်တွန်းထားတာကို အခုလို ပွဲလုပ်လို့ ဖမ်းသွားတာ။ ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီအလိုကျ လိုက်ပါဆောင်ရွက်တဲ့အတွက် Non-CDM ဆရာ၊ ဆရာမ ၁၄ ဦးကို ဖမ်းဆီးပြီး ဒဏ်ငွေ သိန်း ၂၀ ကျပ်ယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

တိုင်းတရွာဟာ ပျူစောထီးကျေးရွာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ ဝင်ရောက်စီးနင်းစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ရှိ ကားတစီး၊ ဆန်အိတ် ၂၀၊ ဖုန်း ၆ လုံးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

စားဝတ်နေရေး အခြေအနေ အမျိုးမျိုးကြောင့် ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဆောင်ဖို့ ခက်ခဲပြီး အထက်အရာရှိ ခိုင်းစေမှုကြောင့် လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေရှိလို့ အခုလို ဒဏ်ကြေးအများအပြားနဲ့ ပြန်လည်ရွေးခိုင်းတာကြောင့် အခက်အခဲများစွာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူထဲက မိသားစုဝင်တဦးကလည်း “စစ်တပ်က အာဏာသိမ်းတာကို လက်မခံပေမဲ့ အောက်ခြေဝန်ထမ်းတွေ CDM လုပ်ဖို့ ခက်ခဲတာတွေရှိတယ်။ အခုလို ဖမ်းပြီး ငွေတောင်းတာတော့ မကောင်းဘူးပေါ့ဗျာ။ မိသားစုဝင်တွေက ရှိတာလေးတွေ ပေါင်နှံရောင်းချပြီးတော့ ချေးရငှားရတာတွေလည်း ရှိတာပေါ့။ အဲ့လိုလုပ်ပြီး ပြန်ရွေးခဲ့ရတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က သရက်ခရိုင်အတွင်းရှိ ဝန်ထမ်းအားလုံး စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ CDM လုပ်ဖို့ နောက်ဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ပြီး လိုက်နာမှုမရှိပါက အခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အခုလို ဒဏ်ကြေးငွေရယူကာ အပြစ်ပေးတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကို ဖြေကြားပေးတာမျိုးမရှိဘဲ တာဝန်ရှိတဲ့ မကွေးတိုင်းနဲ့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တို့ကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ ပြန်လည်‌ ဖြေကြားခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013