DVB Logo
Home
မြန်မာသတင်း
ပေါက်တောနှင့် ​မင်းပြားတို့တွင် တိုက်ပွဲပြင်းထန်၊ ယင်းမာပင် ဘန့်ဘွေးပျူရွာ တိုက်ခိုက်ခံရ
DVB
·
January 11, 2024
ပေါက်တောနှင့် ​မင်းပြားတို့တွင် တိုက်ပွဲပြင်းထန်၊ ယင်းမာပင် ဘန့်ဘွေးပျူရွာ တိုက်ခိုက်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောနဲ့ မင်းပြားမြို့နယ်တွေမှာ ဇန်နဝါရီ ၁၁ ရက် မနက်က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာနားမှာ ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီလောက် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရေတပ်က နေဗီတစီးကိုလည်း ၉ နာရီ ၂၅ မိနစ်လောက်မှာ အေအေဘက်က ပစ်ခတ်ခဲ့တာကြောင့် ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီဘက်က နေဗီ ၂ စီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် စစ်တွေအခြေစိုက် ရဲတပ်ရင်း ၁၂ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်းဖူးကျေးရွာက နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာနားမှာလည်း မနက် ၈ နာရီ ၄၇ မိနစ်လောက်က စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းက ထွက်လာတဲ့ စစ်ကောင်စီရဲ့ နေဗီ ၂ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့နယ် တောင်တိုက်နဲ့ ဂြမ်းတိုက်ရွာကြားမှာလည်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က Y-12 လေယာဥ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေနဲ့ လေကြောင်းတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

မင်းပြားမြို့က ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ တပ်ရင်းတွေကို ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းကတည်းက အေအေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ခမရ ၃၈၀ တပ်ရင်းကိုတော့ အေအေဘက်က သိမ်းပိုက်ရရှိထားတယ်လို့ သတင်းကြားကြောင်း ဆိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၁၀ ရက် ညနေ ၆ နာရီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အများပြည်သူ အသုံးပြုနေတဲ့ ယာကြီး-ကလေး-မုံရွာလမ်းပိုင်းကို ပိတ်ဆို့ကာ ခရီးသွားပြည်သူကားတွေကို ပိတ်ဆို့စစ်ဆေး ဖမ်းဆီးဆက်ကြေး ကောက်ခံတာတွေကြောင့် လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းဇင်ရွာသားတဦးက “လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတော့ ဆူညံနေတာပဲ။ ဘာတွေထပ်ဖြစ်လာမလဲ ဆိုတာတော့ မသိသေးဘူး။ အဲလိုပစ်ခတ်ပြီး နောက်ရက်တွေဆိုရင် ပျူတွေက လာသမျှပြည်သူတွေကို ထိုးကြိတ်စစ်ဆေးတာ ပိုကြမ်းလာတယ်။ သူတို့ လက်နက်ရှိသူ အချင်းချင်း ပစ်ကြတာလေ။ အဲလိုပစ်ပြီး မဆိုင်တဲ့ပြည်သူတွေ မဲတာကတော့ မတရားဘူးလို့ ပြောရမယ်။ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အမြဲတမ်း စစ်ရေးတင်းမာလို့ ကျနော်တို့ ထန်းဇင်ရွာကတော့ အမြဲတမ်း စစ်ဘေးရှောင်နေရတာ၊ ဘာမှလည်း အလုပ်အကိုင်မရှိတော့ ထမင်းစားရဖို့တောင် ခက်ခဲနေတယ်” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ မြို့နယ်ပကဖ၊ တပ်ရင်းတပ်ဖွဲ့များ၊ မဟာမိတ် Local PDF အဖွဲ့များနဲ့ ပုလဲသခင်ဒေါင်းညိုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ပုလဲ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူ သခင်ဒေါင်းညိုက “လက်နက်တွေနဲ့ ပျူရွာကို ကျနော်တို့ မဟာမိတ်ကာကွယ်‌ရေးအဖွဲ့တွေဘက်က စပစ်တာ ဟုတ်ပါတယ်။ ပစ်တဲ့အလုံးအရေအတွက်ကတော့ များတယ်ဗျ။ အတိအကျတော့ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ပစ်တဲ့အဖွဲ့ကလည်း များတယ်လေ။ သေဆုံးကတော့ စုံစမ်းနေဆဲဗျ။ သူတို့ဘက်က ပြန်ပစ်တာတော့ရှိတယ်။ ပစ်လည်း ကျနော်တို့အဖွဲ့တွေ ထိခိုက်မှုမရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုပစ်ခတ်ခံရတဲ့ ဘန့်ဘွေးကျေးရွာဟာ စစ်ကောင်စီအထိုင်ချ တပ်စွဲနေတဲ့ ကျေးရွာတရွာဖြစ်သလို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ၈ မိုင်ခန့်သာဝေးတဲ့ ပျူစခန်းတခုလည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါ ဘန့်‌ဘွေးကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်‌ေထာက်ခံသူတွေရဲ့ အနိုင်ကျင့်မှုကြောင့် စစ်အာဏာသိမ်းပြီးချိန်ကစလို့ NLD ပါတီ‌ ‌ေထာက်ခံသူတွေ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ ကျေးရွာကနေ စွန့်ခွာထွက်ပြေးနေကြရတာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိနေပြီ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013