DVB Logo
Home
မြန်မာသတင်း
ကနန်ကျေးရွာ ဗုံးကြဲမှု ပြည်သူ ၁၇ ဦးသေဆုံး၊ စစ်တပ်ကို အပြစ်ပေးအရေးယူရေး ဆောင်ရွက်မည်ဟု NUG ပြော
DVB
·
January 9, 2024
ကနန်ကျေးရွာ ဗုံးကြဲမှု ပြည်သူ ၁၇ ဦးသေဆုံး၊ စစ်တပ်ကို အပြစ်ပေးအရေးယူရေး ဆောင်ရွက်မည်ဟု NUG ပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာက အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၁၇ ယောက် သေဆုံးပြီး ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေမယ့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တနိုင်ငံချင်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်အားထုတ်လုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တနင်္ဂနွေ ဘုရားကျောင်းဝတ်ပြုပွဲရှိတဲ့အချိန် အရပ်သားပြည်သူတွေ စည်ကားနေတဲ့ ရပ်ရွာအပေါ်ကို အကြမ်းဖက်စစ်အုပ်စုက ဖျက်အားပြင်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

လတ်တလော ကြေညာချက်ထုတ်ပြန်တဲ့ အချိန်အထိ အတည်ပြုချက်တွေအရ သေဆုံးသူတွေထဲ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးသူငယ် သေဆုံးသူဦးရေ ၉ ယောက် ပါဝင်နေတယ်လို့ သိရပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၁၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ရရှိထားတဲ့  အထောက်အထားတွေ၊ စာရင်းတွေအရ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူဖို့ ကြိုးစားခဲ့တဲ့နေ့က စတင်ကာ ကျူးလွန်နေတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၆၂၇ ယောက်၊ အမျိုးသမီး ၁,၀၁၇ ယောက် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းအသုံးပြုပြီးတော့ အပြစ်မဲ့ပြည်သူတွေရှိရာ ရပ်ရွာတွေကို တိုက် ခိုက်မှုပေါင်း ၅၈၃ ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား ၈၉၇ ယောက်၊ ဘာသာရေးအဆောက်အဦးပေါင်း ၇၆ ခုနဲ့ စာသင်ကျောင်းပေါင်း ၅၂ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမျက်နှာစာအားလုံးမှာ ပိုမိုရှုံးနိမ့်လာတာနဲ့အမျှ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဖျက်အားပြင်း ဗုံးတွေ အသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက် သတ်ဖြတ်လာတာကိုလည်း သက်သေအထောက်အထား အများအပြားရရှိနေတယ်လို့ NUG က ပြောပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) တို့ကိုလည်း လုံးဝ လေးစားလိုက်နာမှု မရှိတဲ့အပြင် ကလေးသူငယ်တွေကို သတ်ဖြတ်တာ၊ ထိခိုက်ဒဏ်ရာရစေတာတွေ၊ ရပ်ရွာ၊ ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ကျုူးလွန်နေတယ်လို့ ဆိုပါတယ်။

အဆိုပါကျူးလွန်မှုတွေထဲ ပါဝင်တဲ့ အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို NUG အစိုးရအနေနဲ့ ပြည်တွင်း တရားစီရင်ရေးစနစ်နဲ့ ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ရေး အားထုတ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ်  ပိုမိုထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချတာကို ပိတ်ဆို့မှုတို့ ပါဝင်တဲ့ ဆုံးဖြတ်ချက်အသစ်နဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သလို လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013