DVB Logo
Home
နိုင်ငံတကာ
ပြည်သူ့ဘဝ ပိုမိုကောင်းမွန်ရေး ရည်ရွယ်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြော
DVB
·
January 9, 2024
ပြည်သူ့ဘဝ ပိုမိုကောင်းမွန်ရေး ရည်ရွယ်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြော
Donate to DVB

အဓိက အတိုက်အခံပါတီက သပိတ်မှောက်တဲ့ ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲမှာ မျှော်လင့်ထားကြတဲ့အတိုင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီကပဲ လေးကြိမ်ဆက် အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ စတုတ္ထမြောက် ဆက်တိုက် ဝန်ကြီးချုပ်သက်တမ်းအတွက် အရွေးခံရပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး အမျိုးသမီး အစိုးရအကြီးအကဲ ဖြစ်လာပါတယ်။

ဟာဆီနာဟာ ၂၀၀၉ ခုနှစ်ကတည်းက အာဏာရလာခဲ့ပြီး သူ့အောင်ပွဲဟာ သူ့ရဲ့ပါတီ အဝါမီလိဂ် ဦးဆောင်တဲ့ မဟာမိတ်အတွက် ပဉ္စမမြောက်အောင်ပွဲလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက “ကျမတို့က ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်ခွင့်အတွက် ထူထောင်ထားပါတယ်။ အဲဒါ ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ” လို့ မြို့တော် ဒါကာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ မဲပေးသူနည်းနေပြီး အရည်အချင်းပြည့်မီတဲ့ မဲဆန္ဒရှင် သန်း ၁၂၀ ရဲ့ ၄၀ ရာခိုင်နှုန်းသာ ပါဝင်မဲပေးခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် မင်းကြီး ခါဇီဟာဘီဘူးလ်အဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မဲဆန္ဒနယ် ၂၉၉ နေရာမှာ ရလဒ်သိရတဲ့ ၂၂၇ နေရာအနက် ဟာဆီနာရဲ့ အဝါမီလိဂ်က ၁၆၇ နေရာ နိုင်ထားပြီး ကျန်မဲဆန္ဒနယ်တွေကိုတော့ ဆက်လက်ရေတွက်ဆဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုတွေ ကြုံခဲ့ရပြီး မဲရုံတွေမီးလောင်ခဲ့လို့ ကလေးနှစ်ဦး အပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီရွေးကောက်ပွဲမတိုင်ခင် ဟာဆီနာ ရာထူးကဆင်းပေးပြီး ကြားနေအစိုးရတရပ်က ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ) က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ လိုက်လျောမပေးတဲ့အတွက် ဝင်မပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘီအင်န်ပီဟာ ၂၀၁၄ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ မပြိုင်ခဲ့ပါဘူး။

အခု အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟာဆီနာဟာ ၁၉၇၅ အာဏာသိမ်းမှုမှာ အသတ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးဖခင်ကြီး ရှိတ်မူဂျီဘာရာမန်ရဲ့ သမီးဖြစ်ပါတယ်။ အဲဒီတုန်းက မိသားစုဝင် အများအပြား အသတ်ခံခဲ့ရပြီး ဟာဆီနာက အသက်ဘေးက လွတ်ခဲ့သူဖြစ်ပါတယ်။

ဟာဆီနာဟာ ၁၉၉၆ မှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲနိုင်ခဲ့ပြီး ၂၀၀၉ မှာ ဒုတိယအကြိမ် ပြန်နိုင်ခဲ့ပါတယ်။ အခုထိ လေးကြိမ်ဆက်တိုက် နိုင်ထားတာဖြစ်ပြီး ၉၆ ခုနှစ်က နိုင်တာနဲ့ပေါင်းရင် ငါးကြိမ်မြောက် အနိုင်ရတာဖြစ်ပါတယ်။

သူအာဏာရထားတဲ့ ၁၅ နှစ်တာအတွင်း နိုင်ငံကို စီးပွားရေးတိုးတက်အောင် လုပ်ပေးနိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းကို အားကောင်းမောင်းသန် ဖြစ်စေခဲ့ပေမဲ့ အတိုက်အခံတွေကို ဖိနှိပ်တာကြောင့် တပါတီအာဏာရှင်စနစ်ကို ဖော်ဆောင်လာတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဟာစီနာနဲ့ သူ့အစိုးရဟာ တပါတီစနစ်ဆီကို ဦးတည်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကြမ်းဖက်မှုနဲ့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်မှု တိုးပွားလာတဲ့အကြောင်း အစီရင်ခံစာတွေအပေါ်  ဝေဖန်သူတွေက စိုးရိမ်ပူပန်နေတာပါ။

လက်ရှိကာလမှာတော့ နိုင်ငံအတွင်း စီးပွားရေးပြဿနာတွေ ရင်ဆိုင်နေရလို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ချေးငွေဒေါ်လာ ၅ ဘီလီယံနီးပါး လိုအပ်နေခဲ့တာပါ။

စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတဲ့အတွက် ငွေကြေးဖောင်းပွနှုန်း မြင့်နေတာကို ထိန်းကျောင်းဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ငွေကြေးမူဝါဒကို တင်းကျပ်ဖို့နဲ့ ငွေလဲနှုန်း လိုက်လျောညီထွေရှိစေဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က လွန်ခဲ့တဲ့လက  အကြံပြုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013