
အာဆင်နယ် အပါအဝင် အသင်းကြီးတချို့ကပါ ခေါ်ယူချင်နေတဲ့ ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးကို မက်လောက်စရာကမ်းလှမ်းမှု ရှိမှသာ အသင်းကနေ ခေါ်ထုတ်သွားနိုင်လိမ့်မယ်လို့ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်က ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးကို တိုက်စစ်ပိုင်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့က ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။
သောမက်စ်ဖရန့်ခ်က “ကစားသမား အပြောင်းအရွှေ့ (ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့) ကတော့ ကျနော်ဆွေးနွေးရမယ့် အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ (တိုနေး) က ဘရန့်ဖို့ဒ်ကစားသမားတယောက် ဖြစ်ပါတယ်။ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တယောက်လည်းဖြစ်တယ်။ ရှေ့မှာလည်း ကစားသမားတွေကို ကျနော်တို့ လက်လွှတ်ခဲ့ရပြီးပြီ။ ကျနော် သူ့ကို အသင်းမှာပဲ အကြာကြီး ဆက်နေစေချင်တာပါ။ ဒါပေမဲ့ သူ့ကိုခေါ်မယ့်အသင်းတွေ အနေနဲ့ ထိုက်တန်တဲ့ငွေကြေးကို သုံးစွဲမှ ဖြစ်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။
ဒါဟာ လိုချင်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ၂၇ နှစ်အရွယ် တိုက်စစ်မှူးအတွက် သာမန် ကမ်းလှမ်းမှုမျိုးနဲ့ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဘဲ အသင်းမှာပဲ ရာသီကုန်အထိ ဆက်ထိန်းသွားမယ်ဆိုပြီး ပြိုင်ဘက်တွေကို တုံ့ပြန်လိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၂၁ ဂိုး သွင်းယူပေးထားတဲ့ အရေးပါတဲ့ တိုက်စစ်မှူးတဦး ဖြစ်ပါတယ်။
လောင်းကစားကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တိုနေးဟာ အခုအခါမှာတော့ ပြစ်ဒဏ်က လွတ်မြောက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
Photo-Reuters










