DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ၁ လအတွင်း လုယက်ဓားပြတိုက်ခံရမှု အကြိမ် ၄၀ ထက်မနည်းဖြစ်ပွား
DVB
·
January 4, 2024
မွန်ပြည်နယ်၌ ၁ လအတွင်း လုယက်ဓားပြတိုက်ခံရမှု အကြိမ် ၄၀ ထက်မနည်းဖြစ်ပွား
Donate to DVB

မွန်ပြည်နယ်က ခရီးသွားဒေသတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာတလအတွင်း ခရီးသည်တွေဆီကနေ လုယက်ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေ အကြိမ် ၄၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး တရားခံတွေ ဖမ်းမိတာမရှိဘူးလို့ ခရီးသွားလုပ်ငန်း အသင်းတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတလအတွင်း မွန်ပြည်နယ်က ကျိုက်ထီးရိုးစေတီ၊ သံလွင်မြစ်ဝရှုခင်း၊ ဇင်းကျိုက် ဆံတော်ရှင်စေတီ၊ နွားလပို့တောင်၊ ကျိုက်ထီးဆောင်းဘုရား၊ မဲလံတောင်၊ သုဝဏ္ဏဘူမိမြို့ဟောင်း၊ ရေးမြို့နယ် ကဗျာဝကမ်းခြေ၊ သဘာဝ ကျောက်ပန်းချီကမ်းခြေ၊ ဖားဘောင်ဂူ၊ ကျိုက်ထို ထိုင်တော်မူဘုရား (ကမ္ဘာ့အကြီးဆုံး)၊ ရွှေစာရံဘုရား၊ ဇင်းကျိုက်တောင်ဘုရား၊ ဇင်းကျိုက်ရေတံခွန်၊ ကျိုက်သလ္လံဘုရား၊ ဦးနာအောက်ဘုရားကျောင်း၊ ကျိုက်မရောဘုရားကြီးကန်ကြီးစေတီတော်၊ ကျိုက်က္ခမီဘုရား၊ စက်စဲကမ်းခြေ၊ ကိုရင်လေးဘုရားကျောင်း စတဲ့ဒေသတွေကိုလာတဲ့ ခရီးသွားဧည့်သည်တွေ လုယက်ဓားပြတိုက်ခံခဲ့ရတာလို့ ခရီးသွားလုပ်ငန်းအသင်းတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခုကိန်းဂဏန်းက ဒီဇင်ဘာလအတွင်းမှာ ဖြစ်ခဲ့တာပါ။ အရင်လတွေကလည်း ဒါမျိုးဖြစ်စဉ်တွေ ရှိခဲ့တယ်။ အခုလောက်တော့ မများဘူးပေါ့။ ခရီးသွားတွေကို ပစ်မှတ်ထားလာတာ။ တော်သေးတာက ဓားပြတွေ၊ လုယက်သူတွေက လူတွေကို ဘာမှလုပ်မသွားကြဘူး။ နှစ်သစ်ကူးညကဆို လုယက် ဆွဲကြိုးဖြတ်ခံရတာ တနေ့တည်း ၅ ယောက်လောက်အထိ ကြုံခဲ့ရတာ။”

အဲ့ဒီ လုယက် ဓားပြတိုက်တဲ့သူတွေဟာ အဖွဲ့အစည်းနဲ့ လုပ်နေတာဖြစ်ပြီး မျက်နှာဖုံးတွေ အုပ်ထားကာ နေ့ခင်းကြောင်တောင်အထိ လုယက် ဓားပြတိုက်နေကြပြီး ခရီးသွားအမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ အဘိုး အဘွားတွေကို ပိုမိုပစ်မှတ်ထား လုပ်နေကြတာလို့ ကိုယ်တွေ့ကြုံရတဲ့သူတယောက်က ပြောပါတယ်။

“သက်ဆိုင်ရာက လုံခြုံရေးယူပေးနေတာ အရမ်းအားနည်းနေတယ်။ ညီမဆို နေ့ခင်းကြောင်တောင် ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်ရင်း အနောက်ကနေလိုက်လာပြီး ဆွဲကြိုးအဖြတ်ခံလိုက်ရတာ။ သူတို့က အဖွဲ့ဖွဲ့ထားတာ၊ လူ့အသက်က အရေးကြီးတာမို့ ပစ္စည်းပဲပေးလိုက်တယ်။ သူတို့ကလည်း အော်ရင် သတ်ပစ်မယ်လို့ ပြောတာ။ အခုကာလက ကမ်းခြေတွေ၊ အပန်းဖြေခရီးတွေ၊ ဘုရားဖူးတွေ ထွက်ဖို့တောင် ကြောက်နေရတယ်။ လုယက်တာတွေ ဓားပြတိုက်တာတွေက ခပ်စိတ်စိတ် နေရာအနှံ့ ဖြစ်နေတာကြောင့်ပါ။ နောက် သူတို့ပြန်မတုံ့ပြန်နိုင်တဲ့သူတွေကို ပစ်မှတ်ထား လုပ်နေတာ။” 

ခရီးသွားဒေသတွေမှာ အခုလို လုယက်၊ ဓားပြတိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတာကြောင့် လုံခြုံရေးစိတ်မချရတဲ့အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်လာနိုင်ပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့သူတွေ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ခရီးသွားဒေသတွေမှာ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေဟာ အရင်က ဖြစ်ပွားတာ သိပ်မရှိဘဲ ၂၀၂၁ ခုနှစ် နောက်ပိုင်းကနေ တဖြည်းဖြည်း များလာခဲ့တာလို့ ခရီးသွားဒေသက ပြည်သူတွေနဲ့ ခရီးသွားလုပ်ငန်းအသင်းတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013