DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မတ်ပဲ၊ ပဲစင်းငုံ အကန့်အသတ်မရှိ အခွန်လွတ်တင်သွင်းခွင့် သက်တမ်း ၁ နှစ်ထပ်တိုး
DVB
·
January 3, 2024
အိန္ဒိယက မတ်ပဲ၊ ပဲစင်းငုံ အကန့်အသတ်မရှိ အခွန်လွတ်တင်သွင်းခွင့် သက်တမ်း ၁ နှစ်ထပ်တိုး
Donate to DVB

ပဲစင်းငုံနဲ့ မတ်ပဲ ပြည်ပကနေတင်သွင်းမှုအပေါ် ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ကန့်သတ်ချက်ထားရှိမှာ မဟုတ်ဘူးလို့ အိန္ဒိယအစိုးရ၊ နိုင်ငံခြားကုန်သွယ်မှု အထွေထွေညွှန်ကြားမှုဦးစီးဌာန (DGFT) က ထုတ်ပြန်ကြေညာထားပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ သူ့ပြည်တွင်း ပဲဈေးနှုန်းတွေ တည်ငြိမ်စေဖို့အတွက် ၂၀၂၄ ခုနှစ် မတ်လမှာ သက်တမ်းကုန်ဆုံးမယ့် အရေအတွက် အကန့်အသတ်မဲ့ လွတ်လပ်စွာ ပဲတင်သွင်းခွင့် မူဝါဒကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ တနှစ်သက်တမ်း ထပ်တိုး ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းမှာလည်း မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် တသန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ သိန်းအထိ ဝယ်ယူတင်သွင်းသွားမယ်လို့လည်း အိန္ဒိယအစိုးရက ကြေညာထားပါတယ်။

ဒါ့ကြောင့် အိန္ဒိယ အဓိကပို့ကုန် ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ‌ရေရှည်မှာ စျေးကွက်အလားအလာ ကောင်းမွန်နိုင်တယ်လို့ ပဲစျေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

မန္တလေးအခြေစိုက် ပဲကုန်သည်တဦးက “အိန္ဒိယက ဒီနှစ် ပဲလိုအပ်ချက် များတယ်။ ပြည်တွင်းမှာ အသစ်တွေထွက်လို့ စျေးကျလည်း ရေတိုပဲ။ ‌ရေရှည်မှာက ပြည်တွင်းအထွက်နှုန်းကလည်း ကျနေတာဆိုတော့ စျေးကွက်က အမာတန်းမှာပဲ ဆက်ရှိနေနိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံက ပဲမျိုးစုံ အဓိကထုတ်လုပ်တဲ့ ပြည်နယ်တွေမှာ မိုးရွာသွန်းမှု နည်းပါးပြီး ပြည်တွင်းထုတ်လုပ်မှု လျော့နည်းကျဆင်းခဲ့တဲ့အတွက် အခုလို ပဲတင်သွင်းခွင့်သက်တမ်းကို ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဒီမတိုင်ခင်ကလည်း ပဲနီလေး အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၁ နှစ်သက်တမ်း ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့အကြားမှာ G to G အစီအစဉ်နဲ့ မတ်ပဲနဲ့ ပဲစင်းငုံ ရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း ရေထိုးထားပါတယ်။ အဲဒီ MOU အရ အိန္ဒိယအစိုးရက မြန်မာနိုင်ငံကနေ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသန ၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုကတဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် တင်သွင်းသွားဖို့ ရှိနေပါတယ်။

တဖက်မှာလည်း အိန္ဒိယမှာ ပဲစိုက်ဧကနဲ့ အထွက်နှုန်းလျော့ပြီး ပဲလိုအပ်ချက် ရှိနေတဲ့အတွက် ပြည်တွင်းပဲကုန်သည် လှောင်လက်တွေက စျေးကွက်အလားအလာအပေါ် မျှော်မှန်းပြီး ဝယ်ယူသိုလှောင်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ပြည်တွင်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာလည်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် စိုက်ဧကနဲ့ အထွက်နှုန်း လျော့ကျနေပါတယ်။

ဒီအချက်တွေကြောင့် ရေရှည်မှာ ပဲစျေးကွက် ကောင်းလာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူနေပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်ယူမှုက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လမှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကနေ ပဲဝယ်ယူမှုကို ပမာဏ ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက်မှာ များစွာ အထိနာခဲ့ရပါတယ်။

လက်ရှိမှာတော့ အိန္ဒိယက သူ့နိုင်ငံအတွင်း ပဲလိုအပ်ချက် များပြားနေတာကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ပြီး မတ်ပဲနဲ့ ပဲစင်းငုံကို ပမာဏကန့်သတ်ချက်မရှိ တင်သွင်းခွင့် ပြန်ခွင့်ပြုပေးထားတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013