DVB Logo
Home
နိုင်ငံတကာ
အမှိုက်ပုံထဲမှ ဘတ် သိန်း ၂၀ ကျော်တန် လက်ဝတ်ရတနာများ အမှိုက်ကောက် ထိုင်းအမျိုးသမီး တွေ့ရှိ  
DVB
·
January 3, 2024
အမှိုက်ပုံထဲမှ ဘတ် သိန်း ၂၀ ကျော်တန် လက်ဝတ်ရတနာများ အမှိုက်ကောက် ထိုင်းအမျိုးသမီး တွေ့ရှိ  
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းမြို့နယ်က အမှိုက်ကောက်တဲ့ အမျိုးသမီးတယောက်ဟာ အမှိုက်ပုံထဲကနေ ဘတ်သိန်း ၂၀ ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာတွေ ကောက်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နန်းအုမ်မာဖွန်း ဆိုသူ အသက် ၄၇ နှစ်ရွယ် အမှိုက်ကောက်သမတဦးဟာ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့ ညနေက သူလုပ်နေကျ အမှိုက်ပုံတွေထဲကနေ ပလတ်စတစ်ဘူးခွံ၊ ပုလင်းခွံနဲ့  အဟောင်းပစ္စည်းတွေ လိုက်လံမွှေနှောက်ကောက်ယူနေတာမှာ ပလိုတိုင်ရပ်ကွက်ရှိ အမှိုက်ပုံးထဲကနေ လေးလံတဲ့ အထုပ်တထုပ်ကို ဖုန်းဘက်ထရီအဟောင်းတွေ ထင်ပြီး ကောက်ယူခဲ့ပါတယ်။

အိမ်ရောက်တော့ အထုပ်ဖြည်ကြည့်ရာမှာ ထင်ထားသလို ဘက်ထရီဟောင်း၊ ဖုန်း ဓာတ်ခဲဟောင်းတွေမဟုတ်ဘဲ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်တွေ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

သူကတော့ အဲဒါတွေဟာ အတုတွေလို့ ထင်ပြီး ဒီအတိုင်းထားရာမှာ နောက်တနေ့ ရဲတွေအိမ်ကိုလိုက်လာမှ အစစ်တွေဖြစ်ကြောင်း သိလိုက်ရတာပါ။

ဒီမတိုင်ခင် ဇန်နဝါရီ ၁ ရက်က အသက် ၆၀ အရွယ် ထိုင်းအမျိုးသမီး နန်းဝမ်းဒီချိန်းဆွေဟာ အိမ်သန့်ရှင်းရေးလုပ်ပြီး လက်ဝတ်ရတနာထည့်ထားတဲ့ သေတ္တာငယ် ၂ ခုကို အိတ်အမည်းနဲ့ ထည့်ကာ အိမ်ထဲက အမှိုက်ပုံးဘေး ခဏချထားခဲ့ရာမှာ၊ မြေးဖြစ်သူက အဆိုပါအိတ်ကို အမှိုက်အိတ်လို့ ထင်ပြီး အမှိုက်ပုံးထဲသွားပစ်လိုက်တာလို့ ဆိုပါတယ်။

သူဟာ ပစ္စည်းတွေပြန်ရဖို့ အမှိုက်ပုံးထဲ ပြန်သွားရှာပေမဲ့ မတွေ့တာကြောင့် ရဲစခန်းကို သွားတိုင်ခဲ့ရာမှာ ရဲစခန်းက စီစီကင်မရာပြန်ဖွင့်ပြီး အမှိုက်ကောက်သမအိမ်ထိ လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ကောက်ရသူ နန်းအုမ်မာဖွန်းကလည်း  အဲဒီလက်ဝတ်လက်စားတွေဟာ အစစ်မှန်းမသိကြောင်း၊ တပါးသူပစ္စည်းကိုလည်း အချောင်လိုချင်စိတ် မရှိ၊ ပိုင်ရှင်ကိုယ်တိုင် လာယူတော့ ဝမ်းသာတယ်လို့ ပြောပါတယ်။

နန်းဝမ်းဒီကလည်း လက်ဝတ်လက်စားတွေ အကုန်ပြန်ရလို့ ဝမ်းသာပြီး ကောက်ရသူ နန်းအုမ်မာဖွန်းအတွက် ရွှေထည်ပစ္စည်းတချို့ကို  ပြန်ခွဲပေးပြီးဆုချခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ 

Source: Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013