DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း ရိုဟင်ဂျာ ၆၀၀ ကျော် ဖမ်းဆီးခံရပြီး ၅၀၀ ကျော် ထောင်ချခံထားရ
DVB
·
January 2, 2024
ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း ရိုဟင်ဂျာ ၆၀၀ ကျော် ဖမ်းဆီးခံရပြီး ၅၀၀ ကျော် ထောင်ချခံထားရ
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဧရာဝတီတိုင်းကို အကြောင်းအမျိုးမျိုးနဲ့ ဝင်လာတဲ့ ရိုဟင်ဂျာ ၆၂၅ ယောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၅၀၄ ယောက်အား ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးသူဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေထဲက ၅၀၄ ယောက်ကို လဝက ဥပဒေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ထောင်ချခံထားရတဲ့အထဲပါတဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကိုတော့ ရန်ကုန်တိုင်း ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို အများဆုံး ပို့ထားတယ်လို့ ဧရာဝတီတိုင်းက အထောက်အထားမဲ့သူတွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။

“ရိုဟင်ဂျာတွေကို စစ်ကောင်စီက လဝကဥပဒေနဲ့ အမှုဖွင့်ထောင်ချတာ များပါတယ်။ ထောင်ချခံရတဲ့ ရိုဟင်ဂျာတွေထဲကနေ အသက် ၁၈ နှစ်နဲ့အောက် ကလေး‌တွေကို ထိန်းသိမ်းရေးစခန်း ငှက်အော်စမ်းမှာထားတယ်လို့ သိရတယ်။ ကလေးတွေကလွဲရင် ကျန်သူတွေကို စစ်ကောင်စီက ပုဒ်မတခုကို ထောင်ဒဏ်အမျိုးမျိုးချတာ တွေ့ရတယ်။ အမြင့်ဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံထားရတာ။”

ရိုဟင်ဂျာတွေဟာ စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းဘက် ဝင်လာတဲ့အခါ ဖမ်းဆီးခံရတဲ့အပြင် သေဆုံးရသူ အယောက် ၂၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ရိုဟင်ဂျာတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတယောက်က “ရိုဟင်ဂျာတွေကို အများဆုံး ဖမ်းမိတာက ဧရာဝတီတိုင်းက ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ နေရာတွေမှာ ဖြစ်တယ်။ ဒေသမတည်ငြိမ်တာ၊ စားသောက်နေထိုင်ရေးတွေ အဆင်မပြေတာ၊ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ခံရတာတွေကြောင့် ရခိုင်ကနေ ထွက်ကြတာ များတယ်။ သေဆုံးရတဲ့ ဖြစ်စဉ်တွေကတော့ ပင်လယ်ပြင်မှာ ရက်ရှည် စက်လှေပျက် မျောပါလာပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်ပါ။ ရခိုင်ပြည်နယ်ကနေ အထွက်လမ်းမှာ စက်လှေပျက်တာ၊ မုန်တိုင်းမိတာကြောင့်လည်း သေဆုံးရသူတွေ ရှိခဲ့တယ်။ သေဆုံးသူတွေထဲမှာ အမျိုးသားတွေက ပိုများတယ်” လို့ ပြောပါတယ်။

အဲဒီ ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာ အယောက် ၆၀၀ ကျော်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၂၀၀ ကျော်၊ အမျိုးသား အယောက် ၃၀၀ ကျော်နဲ့ ကျန်တဲ့ အယောက် ၁၀၀ ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဘက်ကို ဦးတည် ထွက်လတာဖြစ်ပြီး ရန်ကုန်ကနေတဆင့် မလေးရှားနိုင်ငံကို သွားဖို့အတွက် ထွက်လာရင်း ဖမ်းဆီးခံရတာလို့ သိရပါတယ်။

ဒါ့အပြင် အထောက်အထားမဲ့သူတွေကို အခကြေးငွေယူပြီး ရန်ကုန်ဘက်ကို တရားမဝင် သိုဝှက်သယ်ယူပို့ဆောင်နေတဲ့ အမျိုးသား ၁၂ ယောက်ကိုလည်း သက်ဆိုင်ရာက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဖမ်းမိခဲ့ပြီး သွားဖမ်းတဲ့အချိန် ထွက်ပြေးတဲ့ ကားသမားတွေ၊ ပွဲစားတွေ၊ စက်လှေအငှားလိုက်တွေ အယောက် ၁၀၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်တွေမှာ ရိုဟင်ဂျာ ၁,၃၄၅ ယောက်အထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အယောက် ၈၀၀ ကို လဝက ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013