DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုနှစ်၌ အချိန်မီဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးသေဆုံး
DVB
·
January 1, 2024
၂၀၂၃ ခုနှစ်၌ အချိန်မီဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးသေဆုံး
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဆေးဝါးကုသခွင့် အချိန်မီ မရခဲ့တာကြောင့်  ကွယ်လွန်သွားတဲ့  နိုင်ငံရေး အကျဉ်းသားပေါင်း ၁၇ ယောက်အထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုက်အဝန်းကနေ သိရပါတယ်။ 

ဆေးဝါးကုသခွင့်အချိန်မီမရခဲ့လို့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁ ယောက်၊ ပုသိမ်ထောင်မှာ နိုင်ကျဉ်းအမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်မှာ ပုဒ်မ ၅၀ (ည) နဲ့ အကျဉ်းချခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းနဲ့ ပုသိမ်ထောင်မှာ ပုဒ်မ ၃၀၂ အပါအဝင် အကြမ်းဖက်မှုတွေနဲ့စွပ်စွဲခံထားရတဲ့ အသက် ၃၀ အရွယ် ကိုစံလင်းစံတို့ဟာ နေမကောင်းဖြစ်နေချိန်မှာ ဆေးဝါးကုသခွင့်အချိန်မီမရခဲ့တာကြောင့် ဒီဇင်ဘာလအတွင်းမှာ ကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက "ဒီလိုမျိုး တဖက်လှည့်နဲ့ ဆေးရုံတွေမှာ ဆေးဝါးကုသခွင့်မပေးဘဲနဲ့ သေဆုံးအောင်လို့ လုပ်နေတဲ့ဖြစ်စဉ်တွေလည်း ၂၀၂၃ ထဲမှာဆိုရင် တော်တော်လေးကိုများလာပါတယ်။ ဒီဇင်ဘာလ တလတည်းမှာကိုပဲ အင်းစိန်ထောင်မှာဆိုရင် အခုအမျိုးသမီးနဲ့ဆိုရင် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၂ ဦးရှိပြီ။ ပုသိမ်ထောင်မှာဆိုရင် ၁ ဦးရှိပြီ။ သာယာဝတီထောင်မှာ ၁ ဦးလည်းသေဆုံးခဲ့တယ်ဆိုတော့ ဒီတလတည်း မှာတင်ကို အသက်အရွယ်အားဖြင့် လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေ မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်နေတယ်ပေါ့နော်။”လို့ပြောပါတယ်။ 

အကျဉ်းထောင်တွင်းမှာ အကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးဝါးတွေထားပေးဖို့နဲ့  ကျန်းမာရေး စောင့်ရှောက်မှုတွေပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကို တောင်းဆို လိုက်ပါတယ်။

နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက “ကျနော်တို့ အဖွဲ့အစည်းတွေအနေနဲ့ အကျဉ်းထောင်တွေကို အရင်ကတည်းက ဝင်ကြည့်ခွင့်ရနေခဲ့တဲ့ ICRC အနေနဲ့လည်း စစ်ကောင်စီအပါအဝင် အကျဉ်းဦးစီးဌာနကို ထပ်ပြီးတော့မှ ဖိအားပေးတောင်းဆိုပေးဖို့ အကျဉ်းထောင်တွင်းမှာ လုံလောက်သောဆေးဝါးတွေ ထားပေးဖို့ အရေးကြီးလူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေကို ပို့ဆောင်ပေးဖို့ အဲ့ဒီမတိုင်ခင်မှာ မိသားစုကပို့ပေးတဲ့ထောင်ဝင်စာတွေထဲမှာ အခြေခံလိုအပ်တဲ့ အင်္ဂလိပ်ဆေးဝါးတွေကို ပို့ခွင့်ရဖို့ ICRC အပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့လည်း တောင်းဆိုပေးဖို့ ကျနော်တို့အဖွဲ့အနေနဲ့ ပန်ကြားလိုပါတယ်ဗျ”လို့ ပြောပါတယ်။

အကျဉ်းထောင်တွေမှာ အကျဉ်းဦးစီးဌာနက လူငယ်နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မုံရွာအကျဉ်းထောင်ကို အသစ်ရောက်လာတဲ့ ထောင်မှူးနဲ့ ဦးစီးမှူးတွေက နိုင်ကျဉ်းတွေကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေပြုလုပ်နေတယ်လို့ မုံရွာသပိတ်ဦးဆောင် ကော်မတီဝင်တယောက်က ပြောပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ရှင်းသန့်က "အသစ်ပြောင်းလာတဲ့ထောင်ပိုင်တွေက စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေလုပ်တယ်ပေါ့။ အသစ်ရောက်လာတဲ့သူက ထောင်ပိုင်ကြီး တာဝန်ခံ အရာရှိပေါ့။ တာဝန်ခံကြီးဇော်မြင့်ဦးနဲ့ ဦးစီးအရာရှိတင်အောင်ဆန်းဝင်း။ သူဝင်လာတဲ့အချိန်မှာ မင်္ဂလာပါလို့ နှုတ်မဆက်လို့ အပြင်ကိုထုတ်ပြီးတဲ့အခါကြတော့ ပုံစံထိုင်ခိုင်းပြီးဆဲတာတွေ၊ အကျဉ်းသားတွေရဲ့ အဝတ်အစားတွေ အိပ်ယာခင်းတွေ စောင်တွေပေါ်မှာ ဖိနပ်တွေ မချွတ်ဘဲတက်နင်းတာမျိုးတွေ၊ အဲ့ဒါကိုမလုပ်ဖို့သွားပြောတဲ့သူတွေကို ခေါ်ရိုက်တာမျိုးတွေ ပြီးတော့ ကိုဝေမိုးနိုင်ကို မကြာခင်မင်းအလှည့်လာမယ်ဆိုပြီး ခြိမ်းခြောက်သွားတာမျိုးတွေ လုပ်တယ်လို့ သိရတယ်ပေါ့”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃ ယောက်၊ သာယာဝတီထောင်မှာ ၄ ယောက်၊  မြင်းခြံထောင်မှာ  ၁ ယောက်၊ ဒိုက်ဦးထောင်မှာ   ၂ ယောက်၊ အင်းစိန်ထောင်မှာ  ၃  ယောက်၊ မကွေးထောင်မှာ ၃ ယောက်၊ ပုသိမ်ထောင်မှာ  ၁ ယောက် စုစုပေါင်း ၁၇ ယောက် ကွယ်လွန်ခဲ့ရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013