DVB Logo
Home
မြန်မာသတင်း
ထောင်ချခံထားရသည့် သပိတ်ကော်မတီဝင်များ ဆေးကုသခွင့်လိုအပ်နေ
DVB
·
October 1, 2023
ထောင်ချခံထားရသည့် သပိတ်ကော်မတီဝင်များ ဆေးကုသခွင့်လိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်သပိတ်ကော်မတီအဖွဲ့ဝင် ၄ ယောက်ကို စစ်ကောင်စီက‌ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ပြီး ထောင်ချထားတာကြောင့် အရေးပေါ်ဆေးကုသခွင့် လိုအပ်နေတယ်လို့ ကလေးမြို့၊ ပင်မသပိတ်အင်အားစုက စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ သပိတ်အဖွဲ့ဝင် ၄ ယောက်ဟာ မော်လိုက် ကလေးအကျဉ်း‌ထောင်မှာ ထိန်းသိမ်းခံထားရပြီး စစ်ကောင်စီရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် အာရုံ‌ကြော ထိခိုက်ထားပြီး ဆေးကုသဖို့လိုအပ်နေတာလို့ ကလေးမြို့ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ကိုဗိုက်ပူက ပြောပါတယ်။

“ဖမ်းဆီးခံထားရတဲ့သပိတ်အဖွဲ့တွေအပြင် မော်လိုက်ကလေး(ကလေးအကျဉ်းထောင်) အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေက ဆေးကုသခွင့်ဆုံးရှုံးနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးက စစ်ကြောရေးမှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ ဒီတိုင်းနေကြရတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ သပိတ်အဖွဲ့ဝင် ၂ ယောက်ကတော့ အာရုံကြောထိခိုက်ပြီး နားအနည်းငယ် ထိုင်းသွားတယ်။ ဒါပေမဲ့ဆေးကုခွင့်မရဘူး” လို့ ပြောပါတယ်။

မော်လိုက်ကလေးမှာရှိတဲ့ အဲဒီအကျဉ်းထောင်ထဲမှာ အခု မျက်စိနာကူးစက်ရောဂါ ပျံ့ပွားနေပြီး အကျဉ်းသားများအနေနဲ့ ဆေးကုသခွင့် မရဘူးလို့ ဆိုပါတယ်။

ကလေးမြို့ သပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မအိစံနဲ့ မကျန်ဒိတ်ကိမ်တို့ ၄ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က တော်လှန်သင်္ကြန်ပြုလုပ်နေတုန်း စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် မေ ၁၀ ရက်နေ့မှာ စစ်ကောင်စီဩဇာခံ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ထားခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ‌ဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၀(ဇ) ‌ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး ချလိုက်တာကြောင့် ထောင်ဒဏ်စုစုပေါင်း ၁၂ စီ ချခံထားရပါတယ်။

ဒါ့အပြင် သပိတ်ကော်မတီဝင်တွေရဲ့နေအိမ် ၄ လုံးကိုလည်း စစ်ကောင်စီက ဧပြီ ၁၉ ရက်နေ့မှာ ဘူဒိုဇာတွေနဲ့ ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။

ကလေးမြို့၊ ပညာရေးသပိတ်ကော်မတီဝင် ဆရာမတယောက်က “လက်နက်ကိုင်ပြီး တိုက်နေတဲ့သူတွေမဟုတ်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက် ပုဒ်မတွေနဲ့တရားစွဲဆို ထောင်ချနေတာကြည့်ရင် စစ်ကောင်စီက တော်တော် ကြောက်ရွံ့နေပြီလို့ ခန့်မှန်းလို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဖမ်းခံရတဲ့သူတွေ အခုလို အိမ်တွေဖြိုပြ၊ ထောင်ဒဏ်နှစ်အများကြီး ချပြနေကတည်းက နောက်လူတွေ မလုပ်ရဲအောင်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျမတို့အနေနဲ့တော့ နောက်ဆုတ်ဖို့ စိတ်ကူးမရှိဘူး။ ထပ်ပြီးပြောချင်တာက သူတို့က ထောင်ဝင်စာတွေ့ခွင့် မပေးတာကလည်း အထဲက နိုင်ကျဉ်းတွေကို ဖိနှိပ်ချင်လို့ဆိုတာ သိသာနေတယ်” လို့ ပြောပါတယ်။

အဲဒီထောင်မှာ အဓမ္မဖမ်းဆီးခံရပြီးရောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အာဟာရလုံလုံလောက်လောက် စားသောက်ခွင့်မ‌ပေးဘဲ ငပိဘူးတွေပဲ စားနေရပြီး နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာတွေ့ခွင့်ရဖို့ အရေးပေါ် လိုအပ်နေတယ် လို့လည်း ပင်မသပိတ်က ဆိုထားပါတယ်။

နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံထဲက အကျဉ်းထောင် အသီးသီးမှာ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်လုံခြုံရေး၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ပပျောက်စေရေးနဲ့ အလျင်အမြန်လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံတာနဲ့တင် မလုံလောက်ဘဲ သက်ဆိုင်ရာအစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်ပြီး အကျိုးထိရောက်မှုရှိတဲ့ ပံ့ပိုးကူညီတာတွေ ပြုလုပ်ပေးကြဖို့ကိုလည်း ကလေး ပင်မသပိတ်က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013