DVB Logo
Home
မြန်မာသတင်း
မြဝတီ လ.ဝ.က တွင် စာရွက်ကုန်နေသဖြင့် မဲဆောက်သွားရန် လူအများအပြား ပိတ်မိခဲ့
DVB
·
December 31, 2023
မြဝတီ လ.ဝ.က တွင် စာရွက်ကုန်နေသဖြင့် မဲဆောက်သွားရန် လူအများအပြား ပိတ်မိခဲ့
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို နှစ်သစ်ကူးအတွက် သွားရောက်တဲ့သူ များပြားတဲ့အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်-၁ တံတားမှာ ပိတ်မိခဲ့တယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက် မနက် ၁၀ နာရီအချိန်လောက်ကစပြီး ဖြတ်သန်းသွားလာခွင့်မရဘဲ အလည်အပတ် ဗီဇာရရှိဖို့အတွက် မြဝတီဘက်ခြမ်းတံတားထိပ်မှာ လူရာကျော် တန်းစီ စောင့်ဆိုင်းခဲ့ရပါတယ်။

မြဝတီ-မဲဆောက်ယာဉ်လိုင်း ကားမောင်းသမားတယောက်က “အလည်အပတ် ဗီဇာတုံးထုပေးတဲ့ အစိမ်းရောင်စာရွက် ကုန်နေတာ။ အခုလိုရက်မျိုးက နှစ်တိုင်း ခရီးသွားတဲ့သူများတယ်။ မြန်မာဘက်က လဝကတွေ ကြိုတင်စီစဉ်မထားလို့ဖြစ်တာ။ ခရီးသွားတွေ အဆင်မပြေတော့ ကားသမားတွေပါ ဒုက္ခရောက်တယ်။ ဒီနေ့အကုန်တောင် သွားလို့ရပါ့မလား မသိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဒီဇင်ဘာလ ရုံးပိတ်ရက်ကစလို့ အမှတ်-၁ တံတားကနေ မဲဆောက်မြို့ကို သွားရောက် လည်ပတ်ကြသူ အများအပြားရှိပြီး နှစ်သစ်ကူးနေ့ ၃၁ ရက်မှာတော့ တံတားပိတ်တဲ့ အခြေအနေထိ အများအပြား တန်းစီစောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတယောက်က “မနက်ကတည်းက တန်းစီနေတာ။ တိုးနေတဲ့သူတွေက အများကြီးပဲ။ နေ့လယ် ၃ နာရီကျော်မှ ဖြတ်ခွင့်ရတယ်။ တုံးထုပေးတဲ့စာရွက် ကုန်သွားတော့ ပိုကြာသွားတာ။ အလည်သွားရင်း အပြန်ဈေးဝယ်ရအောင် သွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ခရီးသွားပြည်သူတွေ များပြားတဲ့နေ့မှာပဲ မြန်မာနိုင်ငံ လ.ဝ.က က နိုင်ငံကူးခွင့်လက်မှတ် ထုတ်ပေးတဲ့စာရွက်ကုန်နေတဲ့အတွက် နေ့လယ်ပိုင်းအချိန်ကျမှ ဖြတ်သန်းခွင့်ကို လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အမှတ်-၁ တံတားဖြတ်သန်းခွင့်ကို ကိုဗစ်-၁၉ ရောဂါပိုးပြန့်ပွားချိန်ကနေ အခုထိ ၃ နှစ်ကြာ ပိတ်ထားခဲ့တာဖြစ်ပြီး အခု ၂၀၂၃ ဇန်နဝါရီ ၁၂ ရက်မှာမှ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပြန်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို လာရောက်လည်ပတ်ကြသူတွေကို ၇ ရက်ကြာ နေခွင့် လက်မှတ်ထုတ်ပေးပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြကာ မြန်မာကျပ်ငွေ ၂,၀၀၀ နဲ့ ထိုင်းဘတ်ငွေ ၆၀ ပေးရတယ်လို့ သိရပါတယ်။ 

Photo - Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013