Home
ဆောင်းပါး
လောက်ကိုင်မှာ ဗလောင်ဆူနေတဲ့ စစ်ဗိုလ်ချုပ်တွေ
DVB
·
December 29, 2023

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ အချိုးမျိုးနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ စစ်အုပ်စုရဲ့ လမ်းဘေးစပီကာ စစ်ကျွန်မျိုးချစ်တသိုက်ကို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခိုင်းပြီး ဘယ်ကြာလိမ့်မလဲ။

ရှမ်းမြောက်တခွင် မုန်တိုင်းဝင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးက စစ်တပ်စခန်းတွေရော တမြို့ပြီးတမြို့ပါ အပိုင်သိမ်းလိုက်ရုံတင်မက မြန်မာနိုင်ငံအတွင်းပိုင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကိုပါ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့လေတော့ မကြာသေးခင်က ရဲရဲတောက် ဆန့်ကျင်ခဲ့တဲ့ တရုတ်ကို စစ်အုပ်စု ပြန်ဒူးထောက်ရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ဘေဂျင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့တွေ့ဆုံကာ တရုတ်ဩဇာနဲ့ ၁၀၂၇ စစ်ဆင်ရေးအရှိန်ကို လျှော့ချပေးကာ စစ်အုပ်စုကို အရေးပေါ်အခန်းထဲကနေ ပြန်ဆွဲထုတ်ပေးဖို့ တောင်းပန်တိုးလျှိုးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တယ်။

စစ်အုပ်စုက အပြန်အလှန်အနေနဲ့ တရုတ်အစိုးရအကြိုက် ကျောက်ဖြူကနေ တရုတ်နယ်စပ် ရွှေလီအထိ မီးရထားလမ်းဖောက်လုပ်ရေးကို ရက်ရက်ရောရော ကတိပြုခဲ့ပေမဲ့ စစ်အုပ်စု မတရားအာဏာ အဲဒီလောက် သက်ဆိုးမရှည်ဘူး ဆိုတာလောက် တရုတ်က ကောင်းကောင်းသိတာမို့ ဟက်ဟက်ပက်ပက်ဖြစ်မယ်လို့ မထင်ပါဘူး။ တရုတ်ဘက်ကနေ စစ်အုပ်စုဆီက ပြန်လိုချင်နေတာ လတ်တလော မင်းတို့ဘာလုပ်ပေးမလဲ ဆိုတာမျိုး။ အထူးသဖြင့် တရုတ်ပြည်သူတွေဆီကနေ ငွေပေါင်းမြောက်မြားစွာ လိမ်လည်ခဲ့တဲ့ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေးမှာ ခြွင်းချက်မရှိ ပူးပေါင်းပါဝင်ဖို့ အပေါ်စီးကနေ ငေါက်ငမ်း ကတိပြုခိုင်းမှာ သေချာသလို စစ်အုပ်စုဘက်ကလည်း ရဲရဲဝံ့ဝံ့ ကတိပြုခဲ့ပုံပါပဲ။

ကျားဖြန့်ဟာ တရုတ်ပြည်သူတွေကို ကောင်းကောင်းဒုက္ခပေးနေတယ်။ ကျားဖြန့်လုပ်ငန်းခွင်ထဲ အကြောင်းအမျိုးမျိုးနဲ့ ရောက်သွားတဲ့ တရုတ်နိုင်ငံသားတွေပါ ငရဲခန်းထဲမှာ လူးလိမ့်ခံခဲ့ရတယ်။ ကျားဖြန့်လုပ်ငန်းခွင်ရဲ့ ကြောက်မယ်ဖွယ်သတင်းဆိုးကို ကိုးကန့်ဒေသတင်မက တရုတ်နိုင်ငံအထိပင် ကြားနေရတယ်ဆိုတော့ လောက်ကိုင်မှာ အခိုင်အမာ တပ်စွဲထားတဲ့ ကျားဖြန့်လုပ်ငန်းကို ပြတ်ပြတ်သားသား ချေမှုန်းရေးဟာ တရုတ်အစိုးရရဲ့ လတ်တလော အရေးတကြီးတာဝန်တရပ် ဖြစ်လာတယ်။ ဒါ့ကြောင့် တရုတ်အစိုးရက လောက်ကိုင် ကျားဖြန့်လုပ်ငန်းရဲ့ အရေးကြီးပစ်မှတ် ဘယ်နိုင်ငံသားကိုမဆို ရှင်းလင်းပစ်မယ်လို့ သန္နိဋ္ဌာန်ခိုင်မာစွာ ချမှတ်ခဲ့ပုံရတယ်။

စစ်အုပ်စုကလည်း တရုတ်အလိုမကျလို့ မရတော့တဲ့ အခြေအနေအရ ကျားဖြန့်သမားတွေကို ဖမ်းဆီးကာ တရုတ်အလိုကျ ပြုမူပေးခဲ့တယ်။ တရုတ်အစိုးရက နိုဝင်ဘာ ၁၂ ရက်နေ့မှာ မြီရှောက်ချန်း အပါအဝင် ၄ ဦးကို ကျားဖြန့် အဓိကပစ်မှတ်တွေအဖြစ် ဖမ်းဝရမ်းထုတ်လိုက်တဲ့ အချိန်မှာတော့ နေပြည်တော် စစ်ဗိုလ်ချုပ်တွေရော စစ်အုပ်စုဝင် ပြည်ခိုင်ဖြိုးပါတီပါ အံတင်းတင်းကြိတ်ကာ ခေါင်းငိုက်စိုက်လိုက်ရတယ်။

ဘာလို့လဲဆိုတော့ မြီရှောက်ချန်းဆိုတာ စစ်အုပ်စုဩဇာခံ ကိုးကန့်အုပ်ချုပ်ရေးအရာရှိဟောင်းနဲ့ ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဖြစ်ခဲ့တာကြောင့်ပါပဲ။ တရုတ်အစိုးရရဲ့ အမျက်ကို ရင်မဆိုင်လိုတဲ့ စစ်အုပ်စုက မြီရှောက်ချန်းအပါ ၄ ဦးကို ဝရမ်းထုတ်ခဲ့ပြီး သွားရောက်ဖမ်းဆီးချိန်မှာ မြီရှောက်ချန်းတယောက် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ဆိုကာ တရုတ်အာဏာပိုင်တွေဆီ အလောင်းပြန်ပေးခဲ့ပါတယ်။

မြီရှောက်ချန်းဟာ တရုတ်အကျဉ်းထောင်ထဲ နှစ်များစွာကြာ ခေါင်းအုံးရတော့မှာ ဖြစ်တာကြောင့် သူ့ကိုယ်သူသတ်သေခြင်း ဖြစ်နိုင်သလို စစ်ဗိုလ်ချုပ်တွေနဲ့ မြီရှောက်ချန်းရဲ့ လက်ဝါးချင်းရိုက် အကျိုးစီးပွားတွေကို တရုတ်အစိုးရ သိသွားမှာစိုးလို့ စစ်တပ်က ပစ်သတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

မြီရှောက်ချန်း သေပြီးမှ သူဟာ တရုတ်နိုင်ငံသားဖြစ်ကြောင်း အတည်ပြုမှုတချို့ ထွက်ပေါ်လာပေမဲ့ တရုတ်နိုင်ငံသားတယောက်က ပြည်ခိုင်ဖြိုးပါတီအမတ် ဖြစ်နေတာကိုရော ကိုးကန့်ဒေသ အုပ်ချုပ်ရေးအရာရှိဟောင်း ဖြစ်ခဲ့တဲ့အပေါ်မှာပါ မျိုးချစ်စိတ်နဲ့ သူ့ကျွန်မခံပြီ ဆိုတဲ့စကား သိပ်ပြောလေ့ရှိတဲ့ စစ်အုပ်စုက နှုတ်ဆိတ်နေသလို ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေကလည်း မသိချင်ယောင် ဆောင်နေကြပါတယ်။

မြီရှောက်ချန်း တခန်းရပ်သွားပြီး မကြာပါဘူး။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တရုတ်အစိုးရက စစ်အုပ်စုဩဇာခံ ကိုးကန့်ဒေသ အုပ်ချုပ်ရေးခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ပယ်ဆောက်ချိန်၊ ဝေဆန်းနဲ့ လီကျိန်းချန် (ခ) လျိုအားပေါက်တို့ အပါ ၁၀ ဦးကို လောက်ကိုင် ကျားဖြန့်ဂိုဏ်းရဲ့ ခေါင်းပေါင်းကြီးတွေအဖြစ် ဖမ်းဝရမ်းထုတ်လိုက်ပြန်ပါတယ်။

ပယ်ဆောက်ချိန်ဆိုတာ အရင်စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်က စတင်ကာ ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးအမတ်၊ သိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၆ ခုနှစ်အထိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ၊ ဝေဆန်း ဆိုတာကလည်း ပြည်ခိုင်ဖြိုးအမတ်၊ ပြည်သူ့စစ်ခေါင်းဆောင်။ လီကျိန်းချန် (ခ) လျိုအားပေါက်မှာလည်း ကိုးကန့်အုပ်ချုပ်ရေးအရာရှိဟောင်း။ သူတို့နဲ့အမှုတွဲ ကျန်ဖမ်းဝရမ်းအထုတ်ခံသူတွေကလည်း ပြည်ခိုင်ဖြိုးအမတ်၊ ပြည်သူ့စစ်ခေါင်းဆောင် စသဖြင့်။ ပြောရရင် အခုနောက်ဆုံး တရုတ်ဖမ်းဝရမ်းအထုတ်ခံရသူ ပယ်ဆောက်ချိန်ဆိုတာ ကိုးကန့်ဒေသမှာ ရာထူးအကြီးဆုံး ရခဲ့သူအပြင် မင်းအောင်လှိုင်နဲ့ပင် ပတ်သက်မှုအရှိဆုံးလို့ သတင်းတချို့က ဖော်ပြကြတယ်။

မြီရှောက်ချန်းအထိ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြီး မကြာ၊ စစ်အုပ်စုကလည်း မြန်မြန်ဆန်ဆန် ဖမ်းဝရမ်းထုတ်ခဲ့ရာကနေ အခု ပယ်ဆောက်ချိန်အပါ ၁၀ ဦးအလှည့်မှာတော့ ဒီနေ့ထိတိုင် စစ်အုပ်စုက ဝရမ်းမထုတ်သေးတာ တွေ့ရပါတယ်။

ဆိုတော့ ပယ်ဆောက်ချိန်ပါ ၁၀ ဦးကို စစ်အုပ်စုက ဘယ်လိုကိုင်တွယ်မှာပါလဲ။ စစ်ခေါင်းဆောင်တွေနဲ့ ပယ်ဆောက်ချိန်တို့ကြား အကျိုးစီးပွားတွေ ဘယ်လောက်ထိ နက်ရှိုင်းခဲ့သလဲ ဆိုတာနဲ့ အများကြီးသက်ဆိုင်ပါမယ်။ မြီရှောက်ချန်းတုန်းကလို သူတို့ကိုယ်သူတို့ သတ်သေသွားကြပါတယ် ဆိုပြီး တရုတ်အာဏာပိုင်တွေဆီ အလောင်းပဲ ပြန်ပေးမလား။ တရုတ်အစိုးရအလိုကျ အရှင်ဖမ်းပေးမလား။ တိုက်ပွဲတွေရဲ့ကြား ၁၀ ယောက်စလုံး ဘယ်ပြေးလို့ ပြေးမှန်းမသိ ပျောက်ဆုံးသွားပြီဆိုပြီး ဗြောင်ကျကျ ပြည်ဖုံးကားချမလား။ ၁၀ ယောက်ထဲက တချို့ကို တရုတ်လက် အလောင်း သို့မဟုတ် အရှင်အပ်၊ တချို့ကိုတော့ ကယ်ထုတ်ကာ ဘယ်ပြေးသွားသလဲမသိဘူး ဆိုပြီး လုပ်မလား။ လောလောဆယ် လောက်ကိုင်မြို့ပေါ်မှာပါ စစ်တပ်၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်နေပြီမို့ တရုတ်ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်တွေက နောက်မဆုတ်စတမ်း တိုက်ခိုက်ပေးပြီး ကျန်ဝရမ်းပြေးတွေကို စစ်ဗိုလ်ချုပ်တွေက ကယ်ထုတ်ပေး ဆိုတာမျိုးလည်း ပယ်ဆောက်ချိန်နဲ့ စစ်ဗိုလ်ချုပ်တွေကြား သဘောတူညီချက် ရလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

လတ်တလောမှာတော့ ပယ်ဆောက်ချိန်တို့တသိုက်ကို စစ်ဗိုလ်ချုပ်တွေက လောက်ကိုင်ကနေ ကယ်ထုတ်ခဲ့ပြီးပြီဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အချမ်းသာကြီး ချမ်းသာလွန်းလှတဲ့ ပယ်ဆောက်ချိန်တို့တသိုက်ဟာ တရုတ်အစိုးရလက်ထဲ ရောက်သွားခဲ့ရင် တရုတ်ထောင်ထဲမှာတင် ဘဝတဆုံး နေရမှာ သေချာတာကြောင့် တရုတ်လက်ထိပ် အခတ်ခံမယ့် နည်းလမ်းကို ရွေးချယ်ချင်မှာတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် ဝရမ်းသမား ၁၀ ဦးစလုံး မဟုတ်တောင် တချို့တဝက်ကတော့ ရှိသမျှ စည်းစိမ်တွေကို ပုံပေးကာ သူတို့ကို ကယ်ထုတ်ဖို့ နေပြည်တော် စစ်ဗိုလ်ချုပ်တွေနဲ့ အပေးအယူ လုပ်နိုင်ပါတယ်။ မင်းအောင်လှိုင်တို့ ဘယ်လမ်းကို ရွေးမှာပါလဲ။ တရုတ်ရဲ့ အမျက်ကြီးမှုကိုခံကာ ကိုးကန့်သစ္စာခံတွေကို ကယ်ထုတ်ခဲ့ရင်တော့ မြန်မာ့အရေး စစ်အုပ်စုအပေါ် တရုတ်ရဲ့ မျက်နှာသာပေးနေမှုတွေ တုံ့ဆိုင်းသွားနိုင်ပါတယ်။

သိပ်မကြာခင် ပယ်ဆောက်ချိန်တို့အရေး စစ်ဗိုလ်ချုပ်တွေ ဘယ်လိုကိုင်တွယ်သလဲဆိုတာ အဖြေထွက်လာပါလိမ့်မယ်။ စစ်အုပ်စုက ဘယ်လိုပဲ ကိုင်တွယ်ပါစေ။ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာတော့ အစိုးရသိပ်လုပ်ချင်နေတဲ့ မင်းအောင်လှိုင်တို့ရဲ့ သစ္စာခံတွေဟာ လိမ်လည်လှည့်ဖြား ရာဇဝတ်ဂိုဏ်းသားတွေဖြစ်ကြောင်း ရုပ်လုံးပေါ်ခဲ့ပြီ ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024