
ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားသပိတ်တွေရဲ့ နောက်ကွယ်မှာ “ထိန်းချုပ် မရတဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေ” နဲ့ အစ္စလာမ်တွေ ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။
“ဒါက ကျောင်းတွေနဲ့ မဆိုင်ဘူး၊ တချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ နိုင်ငံတနိုင်ငံကို အစ္စလာမ်က လွှမ်းမိုးချင်နေတာနဲ့ သက်ဆိုင်တယ်” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ရေးသားထားပါတယ်။
ဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ အခြေအနေဆိုးရွားနေတဲ့ စာသင်ခန်းတွေအတွက် ကန့်ကွက် ဆန္ဒပြမှုတွေ အရှိန်မြင့်တက်နေချိန် အင်္ဂါနေ့မှာပဲ ကျောင်းသား၊ ဆရာနဲ့ မိဘတွေဟာ လမ်းမတွေ ပေါ်ထွက်ပြီး အကြီးမားဆုံး ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီလို ပြင်သစ်အထက်တန်းကျောင်းတွေကို ပိတ်ဆို့ဆန္ဒပြနေတဲ့သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
မာဆေးနဲ့ နွန့်ထ်မြို့တွေမှာတော့ ဆန္ဒပြသူတွေဟာ “အစိုးရက အမျိုးသားပညာရေးကို သတ်ပစ် လိုက်ပြီ” ဆိုတဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ စုဝေး ချီတက် ခဲ့ကြပါတယ်။
တူးလုဇ်မြို့မှာဆိုရင်လည်း မိဘတွေဟာ မြို့တွင်းချီတက်ပွဲရဲ့ ရှေ့ဆုံးကနေ လက်ချင်းချိတ်ပြီး ပါဝင်ခဲ့ကြပါတယ်။
ဒါပေမဲ့ စထရာ့စ်ဘာ့ဂ်၊ လီယွန်နဲ့ ရန်းန် မြို့တွေမှာတော့ ဆန္ဒပြပွဲတွေဟာ တခါတလေ အကြမ်းဖက်မှုတွေအထိ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးခဲ့သလို ဆန္ဒပြသူတွေက လည်း လမ်းမတွေပေါ်မှာ မီးရှို့တာတွေနဲ့ ပစ္စည်းတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ စက်တင်ဘာလကတည်းက ပါရီမြို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဆင်ခြေဖုံးအရပ်တွေမှာ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့တာပါ။
ဒါဟာ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ငွေကြေးကျပ်တည်းနေတဲ့ သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာစေခဲ့ပါတယ်။
Source: Reuters











