DVB Logo
Home
မြန်မာသတင်း
နတ်သံကွင်းရှိ စစ်စခန်းများ တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး သေဆုံး
DVB
·
December 27, 2023
နတ်သံကွင်းရှိ စစ်စခန်းများ တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၃ နတ်သံကွင်းရှိ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ KNU/KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်ကနေ နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းကြားမှာရှိတဲ့ တံတားအဝင်ထိပ်ဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတဦးက “အဲ့တံတားရဲ့ ဟိုဘက်ဒီဘက် စခန်းနှစ်ခုကို ဝင်တိုက်တယ်။ တိုက်ပြီးပြီ၊ သိမ်းတော့ မသိမ်းနိုင်သေးဘူး။ အဲ့မှာ ပြီးတော့မှ နတ်သံကွင်းမြို့မှာရှိတဲ့ ရဲစခန်းကျင်းပုန်းတွေ၊ ဘုန်းကြီးကျောင်းအပေါ်ထပ်မှာ ဘန်ကာတွေနဲ့ အခိုင်အမာထားတဲ့ စခန်းကို လာထပ်တိုက်တယ်။ အဲဒီကျောင်းမှာ ဘုန်းကြီးက မရှိတော့ဘူး၊ ဇွန်လလောက် နတ်သံကွင်းမှာ တိုက်ပွဲဖြစ်ပြီးတည်းက ပြေးသွားတာ၊ အဲဒီကတည်းက သူတို့(စကစ) နေရာယူထားတာ” လို့ ပြောပါတယ်။

တိုက်ပွဲပြီးချိန်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ၃ ကြိမ်၊ ဗုံး ၁၀ လုံး လာကြဲသွားသလို ပဲနွယ်ကုန်းနဲ့ ပိန်းဇလုပ်တပ်ကလည်း နတ်သံကွင်းအနီးတဝိုက်ကို လက်နက်ကြီး ပစ်ကူပေးလို့ ဒေသခံ ၅ ဦး သေဆုံးခဲ့ပါတယ်။

“နတ်သံကွင်းမှာ တံခွန်တိုင်အပိုင်းနဲ့ နတ်သံကွင်းအပိုင်းဆိုပြီး နှစ်ခုရှိတယ်။ တံခွန်တိုင်ပိုင်းက ကလေး ၃ ယောက်၊ နတ်သံကွင်းပိုင်းက ကလေးတယောက်၊ လူကြီးတယောက် ထိသွားတယ်။ အသက်အရွယ်၊ နာမည်၊ ကျား မ မသိရသေးဘူး။ သေချာတာက ၅ ယောက်လို့ သိရတယ်။ တပ်တွေ ရှိနေသေးတယ်၊ ပြန်မထွက်သေးဘူး။ အဲဒီက စစ်ကောင်စီတပ်တွေက မနေ့ကအခြေအနေထိ မြို့ထဲ ပြန်ဝင်လို့ မရသလို မြို့ပြင်လည်း ထွက်လို့မရတဲ့ အနေထားမှာ ရှိနေတယ်” လို့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၃ မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်းနဲ့ နရွဲပင်တပ်စခန်းတို့ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ကျဆုံးခဲ့ပြီး KNLA လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးမှုတချို့ ရှိကာ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကေအန်ယူက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013