DVB Logo
Home
မြန်မာသတင်း
၂၀၂၄ တွင် စစ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်း ဖြစ်လာမည်ဟု NUG ယာယီသမ္မတပြော
DVB
·
December 27, 2023
၂၀၂၄ တွင် စစ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်း ဖြစ်လာမည်ဟု NUG ယာယီသမ္မတပြော
Donate to DVB

လာမယ့် ၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုအသစ် အများအပြားနဲ့ ထပ်မံကြုံတွေ့နိုင်တာတွေ ရှိနိုင်သလို စစ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်းတွေလည်း ထပ်ဖြစ်မယ့် နှစ်တနှစ် ဖြစ်လာလိမ့်မယ်ဆိုတာ သတိထားစေချင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကြိမ် ၄၀ မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးဟာ ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတာကို ခန့်မှန်းတွက်ချက်နိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “လာမယ့် ၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုအသစ် အများအပြားနဲ့ ထပ်မံ ကြုံတွေ့နိုင်တာတွေ ရှိနိုင်သလို၊ စစ်ရေး နိုင်ငံရေးအလှည့် အပြောင်းတွေလည်း ထပ်မံဖြစ်ထွန်းမယ့် နှစ်တနှစ် ဖြစ်လာလိမ့်မယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် နှစ်သစ်ကို စတင် ဖြတ်သန်းကြတဲ့အခါမှာ ကျနော်တို့ဟာ အမြော်အမြင်ရှိရှိ ကြိုတင်ပြင်ဆင်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့မြေပြင်နဲ့ အပ်စပ်တဲ့ နိုင်ငံရေး သတင်းစကားတွေကို ပြည်သူလူထုထံ သဘောထား ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြန့်ဝေဖို့ လိုအပ်ပါတယ်” လို့ ပြောကြားပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့လည်း လုပ်ခဲ့သမျှကို ပြန်သုံးသပ်ပြီး နှစ်သစ်အတွက် အစီအစဉ်သစ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ သူက တိုက်တွန်းသလို နိုင်ငံရေး စတန့်ထွင်တာ မဖြစ်လို့လည်း သတိပေးပါတယ်။

“အစီအစဉ်သစ်တွေ ချမှတ်တဲ့နေရာမှာလည်း သမားရိုးကျအမြင်တွေကနေ ဖောက်ထွက်ပြီး တီထွင်ဆန်းသစ်တဲ့ အစီအစဉ်သစ်တွေဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ လူထုကြားထဲ အာရုံစိုက်ခံရရင် ပြီးရောဆိုတဲ့စိတ်နဲ့ နိုင်ငံရေးစတန့်ထွင်တာမျိုးတွေ မဖြစ်စေဖို့တော့ အထူးလိုအပ်ပါတယ်။ ဒါကို သတိချပ်ပြီး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီအစဉ်သစ်တွေကို သာမန်လုပ်ရိုးလုပ်စဉ် ဘောင်ထဲက ဖောက်ထွက်ပြီး ဝန်ကြီးဌာနအသီးသီးက ချမှတ်လုပ်ဆောင်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒီနေရာမှာ ကျနော်တို့ဟာ တော်လှန်ရေးမူနဲ့လည်း မသွေဖည်စေဖို့ လိုသလို၊ သာမန် လုပ်ရိုးလုပ်စဉ် ဘောင်ထဲကနေလည်း ဖောက်ထွက်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မဟာဗျူဟာ စဉ်းစားချက်တွေကို လှေနံဓားထစ် တွေးခေါ်လုပ်ဆောင်တာမျိုး မဟုတ်ဘဲ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် သတိချပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

တော်လှန်ရေး အရှိန်မြင့်နေတဲ့အချိန်နဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်နေ့ကလည်း ကြုံဆုံနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း စစ်ဘေးရှောင်တာတွေ များလာတဲ့အတွက် ဝမ်းနည်းမိသလို စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ပြတ် ချုပ်ငြိမ်းအောင် မလုပ်နိုင်သရွေ့ အခုလို မင်္ဂလာရှိတဲ့ နေ့ရက်တွေဟာ လူထုရဲ့ ဘေးဒုက္ခနဲ့အတူ ဖြတ်သန်းနေကြရမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးမှာ သတိထားရမယ့် အရာတွေ များလာပြီလို့ ဆိုပါတယ်။

“အခုဆိုရင် တော်လှန်ရေးဟာ ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတာကို အားလုံးပဲ ခန့်မှန်းတွက်ချက်နိုင်တဲ့ အခြေအနေဖြစ်နေပြီမို့ ပိုမို သတိထားလုပ်ဆောင်ရမယ့် အရာတွေလည်း များလာပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲ ဖြစ်နိုင်သမျှ ခွဲထုတ်ဖို့၊ သွေးခွဲဖို့ ကြံစည်လာမယ့် အခြေအနေတွေကို သတိကြီးကြီးနဲ့ ကျော်လွှားကြဖို့အရေးကြီးသလို တဘက်ကလည်း မတူညီတဲ့နောက်ခံ အခြေအနေ၊ မတူညီတဲ့အစုအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး တော်လှန်ရေးကို စိတ်အားထက်သန်စွာ ဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေကြားထဲမှာလည်း ခိုင်မာတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ တက်ညီလက်ညီ ဆက်လက်သွားနိုင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးစားရင်း တဘက်ကလည်း နှစ်ပေါင်းများစွာရှိနေခဲ့ကြတဲ့ အမြင်မတူညီမှုတွေ၊ သဘောထား ကွဲလွဲမှုတွေကိုလည်း အချင်းချင်း နားလည်မှုတည်ဆောက်ရင်း သွားနေကြတာမို့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အချိန်ယူကြရပေမယ့် ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပြီးတော့ အဆုံးသတ်အောင်ပွဲဆီက သွားနိုင်ဖို့တော့ ဆက်လက် ကြိုးပမ်းနေကြရဦးမယ်လို့လည်း ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာတဲ့ ကိစ္စကို တင်ပြဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013