DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်းရှိ ဟိုတယ်ဝန်ထမ်း ၁,၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေဆဲ
DVB
·
December 26, 2023
ဧရာဝတီတိုင်းအတွင်းရှိ ဟိုတယ်ဝန်ထမ်း ၁,၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေဆဲ
Donate to DVB

ဧရာဝတီတိုင်းမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် မလည်ပတ်နိုင်သေးတာကြောင့် ဝန်ထမ်းအယောက် ၁,၅၀၀ ကျော်အထိ အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ဆောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အကျိုးဆက်နဲ့ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်ခဲ့ရပြီး အာဏာသိမ်းခဲ့တဲ့ အချိန် ၃ နှစ်နီးပါးရှိလာတဲ့ လက်ရှိအထိ လုပ်ငန်းတွေ ပုံမှန်အခြေအနေအတိုင်း မလည်ပတ်နိုင်သေးတာကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းတွေက အထွေထွေဝန်ထမ်း အယောက် ၁,၅၀၀ ကျော်အထိ အလုပ်လက်မဲ့ ဖြစ်နေရဆဲလို့ သိရပါတယ်။

ဧရာဝတီတိုင်း ဧည့်လမ်းညွှန်တာဝန်ခံတဦးက “လက်ရှိ ဟိုတယ်လုပ်ငန်းတွေ အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်း ပြန်လည် လည်ပတ် လုပ်ကိုင်နိုင်သေးတယ်။ ဒါကလည်း ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပြီးသွားပေမဲ့ မပြီးနိုင်တဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့်ပါ။ အားလုံး အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ အလုပ်သမားဝန်ထမ်း အယောက်ရေက ၂,၀၀၀ ကျော်မှာရှိတယ်။ အခု စစ်ကောင်စီ လက်ထက်မှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် လည်ပတ်နေပေမဲ့ ပြုတ်သွားတဲ့ ဝန်ထမ်း ၅၀၀ ပြည့်အောင် အလုပ်မရသေးဘူး။ ဒီနေ့အထိ အလုပ်လက်မဲ့ဝန်ထမ်းက အယောက် ၁,၅၀၀ ကျော်မှာပဲ ရှိနေသေးတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေက လိုင်စင်ရဟိုတယ် ၃၆ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ လိုင်စင်ရဟိုတယ် ၃၉ လုံးရှိပြီး ဟိုတယ်၊ မိုတယ် လုပ်ငန်းတွေ အရင်အတိုင်း ပြန်လည်မလည်ပတ်နိုင်သေးတာကြောင့် အလုပ်ပြုတ်ခဲ့ရတဲ့ ဝန်ထမ်းတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

အလုပ်လက်မဲ့ ဟိုတယ်မန်နေဂျာတဦးက “အဝင်ဧည့်သည်မရှိတော့တဲ့အချိန်မှာ ဟိုတယ်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကို ၃ ပုံ ၁ ပုံ အလှည့်ကျစနစ်နဲ့ ခွင့်ရက်ရှည်ပေးပြီး အလုပ်နားခိုင်းတာမျိုးတွေ လုပ်လာတယ်။ လစာလျှော့ချထားတဲ့ ဝန်ထမ်းတွေလည်း မနည်းရှိလာတယ်။ အလုပ်သမားတွေ ပြန်ခန့်ဖို့မပြောနဲ့၊ ရှိနေတဲ့ အလုပ်သမားတွေတောင် အဲ့ဒီလိုဖြစ်လာတာ။ ဒီ ဟိုတယ်လုပ်ငန်းမှာက ဧည့်သည်က အဓိကလေ၊ ဧည့်သည်မရှိရင် ကျနော်တို့အတွက် ဘယ်လိုမှ အဆင်မပြေဘူး။ အခုက ဧည့်သည်ဝင်ရောက်မှုက အခါကြီးရက်ကြီးတွေကလွဲလို့ မရှိဘူး၊ အခက်အခဲရှိနေတဲ့ ဝန်ထမ်းတွေ မနည်းရှိနေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ စစ်တပ် အာဏာသိမ်းလိုက်တာကြောင့် လာရောက်တည်းခိုသူ မရှိသလောက် နည်းနေပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက် အပန်းဖြေ တည်းခိုသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ၊ ဟိုတယ်လုပ်ငန်းတွေမှာ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013