DVB Logo
Home
Lead Story
တမူးအခြေစိုက် NLA တပ် NUG တပ်အဖြစ် ကူးပြောင်း
DVB
·
March 26, 2026
တမူးအခြေစိုက် NLA တပ် NUG တပ်အဖြစ် ကူးပြောင်း
1 / 7
Photo: NUG-MOD
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုခံယူတဲ့ တပ်အဖြစ် ကူးပြောင်းရပ်တည်လာတယ်လို့ NUG က ဒီကနေ့ မတ် ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေအဖြစ် ကွပ်ကဲမှုခံယူပွဲကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်က ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအခမ်းအနားမှာ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုတာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်တံဆိပ်တွေ အပ်နှင်းတပ်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NLA တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၃ ရက်မှာ Myanmar Federal Army (MFA) အမည်နဲ့ ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ် ၅ ရက်မှာ စတင်ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ PDF တပ်ရင်းတွေအဖြစ် ဆက်လက်တိုက်ပွဲဝင်နေပြီ ဖြစ်ပါတယ်။ အလားတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေအဖြစ် ကွပ်ကဲမှုခံယူပြီး တော်လှန်တိုက်ပွဲတွေမှာ ပါဝင်နေတယ်လို့ ပြီးခဲ့တဲ့ မတ် ၁၉ ရက်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခုဖြစ်ပြီး ရှမ်းမန်း စစ်ဆင်ရေးနဲ့ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေနဲ့အတူ အတူတကွ လက်တွဲ တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကွပ်ကဲမှု‌အောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်‌စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်‌စေ အစဉ်အမြဲ ကြိုဆိုနေတယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013