DVB Logo
Home
မြန်မာသတင်း
ပင်လယ်ထဲ မျောနေသည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို အရေးပေါ် ကယ်ဆယ်ရန် ကုလပြော
DVB
·
December 25, 2023
ပင်လယ်ထဲ မျောနေသည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို အရေးပေါ် ကယ်ဆယ်ရန် ကုလပြော
Donate to DVB

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ဦး လိုက်ပါလာတဲ့ စက်လှေတစီးဟာ ပင်လယ်ပြင်ထဲမှ အကူအညီမဲ့ မျောပါနေလို့ အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်နေတယ်လို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအများစုပါတဲ့ ရိုဟင်ဂျာစက်လှေဟာ အင်ဂျက်စက်ချို့ယွင်းသွားတာကြောင့် အိန္ဒိယသမုဒ္ဒရာထဲ အန်ဒမန်နဲ့ နီကိုဘာကျွန်းစုအနီးမှာ မျောပါနေတာ ဖြစ်ပါတယ်။

လှေပေါ်မှာ  အနည်းဆုံး တယောက် သေဆုံးနေကာ နောက်ထပ်လည်း ကျန်းမာရေးဆိုးရွားနေသူတွေ အများကြီး ရှိနေတယ်လို့  UNHCR က ပြောပါတယ်။

သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူတွေအလွန်ပြည့်သိပ်ကြပ်ညပ်နေတဲ့ ဒုက္ခသည် စခန်းတွေကို စွန့်ခွာထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ပင်လယ်ထဲမှာ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။

ကုလသမဂ္ဂ အေဂျင်စီက "လုံခြုံတဲ့ အနီးဆုံးနေရာကို ဆိုက်ကပ်ခွင့်ပေးပြီး အချိန်မီကယ်ဆယ်တာ မလုပ်နိုင်ရင် ကမ်းရိုးတန်းပိုင်နက်နိုင်ငံတွေက ကြည့်နေတုန်းမှာပဲ နောက်ထပ်အများကြီး သေသွားနိုင်ပါတယ်။ တကယ့်ကို အရေးပေါ်အခြေအနေပါပဲ"လို့ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်  ထောင်ပေါင်းမျာစွာသော  ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေကနေ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို နှစ်စဉ် စွန့်စားထွက်ခွာနေကြတာ ဖြစ်ပါတယ်။

အခုလက်ရှိ ပင်လယ်ထဲ မျောနေသူတွေနဲ့ပတ်သက်ပြီး UNHCR က "အချိန်မီသာ ကယ်ဆယ်ဖို့ကြိုးစားမယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ ဘေးဒုက္ခတွေ မရောက်အောင်ကာကွယ်နိုင်မှာ ဖြစ်တယ်" လို့ ပြောပါတယ်။

အခုဖြစ်နေတဲ့ အခြေအနေက ဒီလိုလူတွေအများကြီး ဘေးဒုက္ခရောက်နေတာကို ကာကွယ်ဖို့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေက သူတို့တတ်နိုင်သမျှအင်အားနဲ့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့ အရေးကြီးတယ်လို့ ကုလအေဂျင်စီက ပြောတဲ့အကြောင်း အယ်ဂျာဇီးရား သတင်းမှာ ဖော်ပြပါတယ်။

ကုလဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ်ထဲမှာ ပင်လယ်ပြင်ခရီးကို စွန့်စားထွက်ခွာခဲ့တဲ့  ရိုဟင်ဂျာ ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကနေစပြီး ပင်လယ်ပြင်ထဲမှာ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့သူ ရိုဟင်ဂျာ အရေအတွက်  ၅၇၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

Source:  Aljazeera

Photo- Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013