DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ကားမိုင်းဆွဲခံရ၊ သံဖြူဇရပ်တွင် ဒေသခံများကို ဖမ်းဆီးနေ
DVB
·
December 23, 2023
ကျိုက်ထိုတွင် စစ်ကားမိုင်းဆွဲခံရ၊ သံဖြူဇရပ်တွင် ဒေသခံများကို ဖမ်းဆီးနေ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မနက်ပိုင်းက  စစ်ကောင်စီတပ်ဖွဲ့ဝင် ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ ၂ ယောက် သေဆုံးနိုင်ပြီး သံဖြူဇရပ်မြို့မှာတော့ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်-မုပ္ပလင် ကားလမ်းမကြီးပေါ်က ပေ ၈၀ ရွာနားမှာ မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ် အရာရှိပါလာတဲ့ကား မိုင်းဆွဲခံရပြီး အပြန်အလှန် ပစ်ခတ်မှုနည်းနည်း ဖြစ်တယ် လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတယောက်က “သိမ်ဇရပ် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်တယ်လို့ သိရတယ်။ သစ်စက်မှာ သစ်လာယူတာလို့ ကြားတယ်။ ကားတော့ ကြေသွားတယ် ကြားတယ်။ ၂ ဦး ပွဲချင်းပြီးသေနိုင်တယ်။ ကျန် ၁ ဦးက ပြန်ပစ်လို့ အပြန်အလှန်သဘောမျိုး ဖြစ်သွားတယ်။ အဲဒီ မိုင်းဆွဲခံရပြီးနောက် ရွာလေးဘက်ကို နားထင်ထိထားတဲ့ ဗိုလ်လေးတဦးက သေနတ်ပစ်ပြီး သွားဆဲတယ်လို့ သိရတယ်။ စကစတပ်ဖွဲ့ဘက်က ရွာလေးကို ရအောင်ချေပြမယ်တို့ ဘာတို့ပါ ကြိမ်းဝါးသွားတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပြီးချိန်မှာ လက်နက်ကြီးပစ်သံ တချက် နှစ်ချက် ထပ်မံကြားရပြီး သိမ်ဇရပ်ဈေးဝမှာလည်း လက်နက်ငယ်နဲ့ အတွဲလိုက်ပစ်ပြီး ဆဲဆိုကြိမ်းမောင်း သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သစ်စက်မှာ သစ်လာယူတဲ့အချိန်မှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဖြစ်စဉ်ကို သိမ်ဇရပ် PDF တွေဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာတော့ အခုလ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

သံဖြူဇရပ် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စက်သစ်ရပ်နဲ့ အောင်ဇေယျရပ်ကွက်က ဒေသခံ ၃ ယောက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့က PDF တွေကို ငွေကြေး ပစ္စည်းနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“PDF အဖွဲ့က ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ ၂ ယောက်ကို ဖမ်းမိသွားပြီးတည်းက တောက်လျှောက် ဖမ်းနေတော့တာပဲ။ အဲဒီ ၂ ယောက်လုံး စစ်ကြောရေးမှာ ဆုံးသွားပြီလို့လည်း ကြားတယ်။ ဖုန်းထဲက ကွန်တက်တွေနဲ့ လိုက်မှာပေါ့။ စစ်တပ်က သူတို့ဖမ်းချင်တဲ့ အိမ်တွေ့ရင် ဝင်ဖမ်းတော့တာပဲ။ အများဆုံးက ပိုက်ဆံ ချမ်းသာတဲ့ အိမ်တွေပေါ့။ အိမ်ထဲက တယောက်မဟုတ် တယောက်တော့ ဆွဲခေါ်သွားတယ်။ ပြီးရင် ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလအတွင်း သံဖြူဇရပ်မြို့ပေါ်က လုပ်ငန်းရှင်တွေအပါအဝင် ဒေသခံ ၆၀ ထက်မနည်းကို ဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ဆောင်တာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ဒုဦးစီးမှူး ဦးအောင်ကိုကိုဟာ ဌာနအတွင်း သတင်းအချက်အလက်တွေကို PDF တွေဆီ ပေးပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ဒဏ်တသက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ဒီဇင်ဘာ ၂၁ ရက်နေ့က သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်က အမျိုးသား ၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/ ၅၂(က)တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။ ဒီဇင်ဘာ ၁၈ ရက်ကလည်း ထွေအုပ်ရုံးက ဒု ဦးစီးမှူးအပါ ၃ ဦးကိုလည်း အကြမ်းဖက် ဥပဒေနဲ့ပဲ အမှုဖွင့် အရေးယူထားတာပါ။ လက်ရှိအချိန်ထိ စစ်ကြောရေးကိုပို့ဆောင်ထားတာ ၆၀ နီးပါးလောက်ရှိပါပြီ” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေ အရ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၈၀၀ ထက် မနည်း ဖမ်းဆီးခံရပြီး အများစုဟာ ထောင်ဒဏ်နဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013