DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာ့မတ်ပဲ၊ ပဲစင်းငုံ ပိုမိုဝယ်ယူမည်
DVB
·
December 19, 2023
အိန္ဒိယက မြန်မာ့မတ်ပဲ၊ ပဲစင်းငုံ ပိုမိုဝယ်ယူမည်
Donate to DVB

ပြည်တွင်းဈေး မြင့်တက်နေတာကို ထိန်းချုပ်ဖို့  အိန္ဒိယက မြန်မာနိုင်ငံကနေ   ပဲစင်းငုံ တန်ချိန် ၄ သိန်းနဲ့ မတ်ပဲ တန်ချိန် ၁ သန်းထိ  လာမယ့်နှစ်ဆန်းပိုင်းမှာ ဝယ်ယူသွားဖို့ ရှိနေတယ်လို့ ပဲကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။

လာမယ့် ၂၀၂၄ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ အဲဒီ မတ်ပဲနဲ့ ပဲစင်းငုံ ပမာဏကို မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းသွားဖို့ အိန္ဒိယက ပြင်ဆင်နေတယ်လို့  The Economic Time သတင်းစာမှာလည်း ဖော်ပြပါတယ်။

ပဲကုန်သည် တစ်ဦးက “အိန္ဒိယက ပုံမှန်ဝယ်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်က သူ့နိုင်ငံမှာ ပဲအထွက်လျော့တယ်။ ပြည်တွင်းလိုအပ်ချက်လည်းများတော့ ပိုသွင်းမယ့်သဘောပါ”လို့  ပြောပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ အရင်နှစ်ထက် ပဲစိုက်ဧကနဲ့ ပဲအထွက်နှုန်း လျော့ကျနိုင်ခြေရှိနေတာကြောင့် အသစ်ပေါ်ချိန်မှာ ပဲအဝင်နည်းနိုင်ပြီး ရေရှည်မှာ ဝယ်လိုအားနဲ့အတူ ဈေးမြင့်တက်နိုင်တယ်လို့လည်း ပဲကုန်သည်တွေက သုံးသပ်ထားကြတာပါ။

လက်ရှိမှာလည်း အိန္ဒိယရဲ့ ပြည်တွင်းပဲဈေးတွေ မြင့်တက်နေတာကြောင့် ဈေးနှုန်း ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံကနေ တန်ချိန်တိုးပြီး ဝယ်ယူတင်သွင်းဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းလိုအပ်ချက်အရ မြန်မာနိုင်ငံအပြင် အာဖရိကဘက်ကပါ ပဲစင်းငုံကို တိုးမြှင့်ဝယ်ယူတာတွေ ရှိခဲ့ပေမဲ့ ဈေးကွက်လိုအပ်ချက်မြင့်နေတာကြောင့် ပဲဈေးနှုန်းက ဆက်ပြီး မြင့်တက်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံ အဓိကတင်သွင်းရာ ဈေးကွက်တစ်ခု ဖြစ်တာကြောင့် အိန္ဒိယ ပြည်တွင်း ပဲဈေးနဲ့အတူ မြန်မာနိုင်ငံရဲ့ ပဲစင်းငုံနဲ့ မတ်ပဲဈေးနှုန်းတွေကလည်း လိုက်ပါမြင့်တက်နေပါတယ်။

ပြည်တွင်း ပဲဈေးက ပြည်ပ ဝယ်လက်နိုင်ငံရဲ့ ပြည်တွင်းပေါက်ဈေးအပေါ် မူတည်ရုံသာမက ပြည်တွင်း ကုန်သွယ်ရေးမူဝါဒ၊ နိုင်ငံခြားငွေလဲနှုန်းမှုဝါဒ အပြောင်းအလဲတွေအပေါ်မှာလည်း မူတည်နေပါတယ်။ 

ပြည်တွင်းမှာ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြောင်းလဲလိုက်တဲ့ ဒေါ်လာငွေလဲနှုန်း မူဝါဒနဲ့ ပို့ကုန်ရငွေ မူဝါဒ အပြောင်းအလဲတွေကြောင့် ပြည်တွင်းဒေါ်လာငွေလဲနှုန်းနဲ့ အတူ မတ်ပဲ၊ ပဲစင်းငုံ အပါအဝင် ပို့ကုန်သီးနှံတွေရဲ့ ဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်ခဲ့ပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကမတ်ပဲ FAQ အမျိုးအစား တစ်တန်ကို မြန်မာကျပ် ၂,၉၀၀,၀၀၀ အောက်မှာပဲ ရှိခဲ့ပေမဲ့ အခုတစ်ပတ်မှာတော့ တစ်တန်ကို ကျပ် ၂,၉၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၇၅,၀၀၀  ဈေးတက်လာပါတယ်။

ပဲစင်းငုံကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့က (Red/RC)အမျိုးအစား တစ်တန်ကို ကျပ် ၃၁၀၀၀၀၀ ရှိခဲ့ပေမဲ့   ဒီဇင်ဘာ ၁၄ ရက်မှာ တစ်တန်ကို ကျပ် ၃,၁၅၀,၀၀၀ အထိ မြင့်တက်လာပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ကျပ်  ၃,၀၄၀,၀၀၀ ကို ပြန်ကျဆင်းသွားပါတယ်။

စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းအရအခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ပထမပတ်ထိ  ၈ လကျော်အတွင်းမှာ မြန်မာနိုင်ငံကနေ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁သန်းကျော် တင်ပို့ထားပြီး အဲဒီအထဲမှာ  မတ်ပဲက တန်ချိန် ၅ သိန်းကျော်နဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းကျော် ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013