DVB Logo
Home
မြန်မာသတင်း
မြန်မာက အာဖဂန်ကို ကျော်လွန်ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာ
DVB
·
December 13, 2023
မြန်မာက အာဖဂန်ကို ကျော်လွန်ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို ကျော်လွန်ပြီးတော့ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ပါတယ်။

အခု ၂၀၂၃ ခုနှစ်ထဲမှာတင် မြန်မာနိုင်ငံက ဘိန်းတန်ချိန်ခန့်မှန်းခြေ ၁,၁၉၀ ထိ ထုတ်လုပ် ခဲ့တာဖြစ်ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက အာဖဂန်နစ္စတန်မှာ တာလီဘန် အစိုးရက ဘိန်းစိုက်ပျိုးမှုကို တားဆီးပိတ်ပင်လိုက်တာကြောင့် နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ခန့်မှန်းခြေ ၃၆၄ တန်လောက် ကျဆင်းသွားခဲ့တဲ့နောက်မှာ ထွက်ပေါ်လာခဲ့တဲ့ ကိန်းဂဏန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ မြန်မာနိုင်ငံမှာ ဘိန်း ၈၇၁ တန်လောက် ထုတ်လုပ်ခဲ့တာလို့ သိ ရပါတယ်။

မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကြားက “ရွှေတြိဂံဒေသ” ဟာ ကြာမြင့်ချိန်ကာလတွေက တည်းက တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှု အထူးသဖြင့် စိတ်ကြွဆေးနဲ့ ဘိန်းစိုက်ရာ နေရာတခုဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ “ဘိန်းစီးပွားရေး” လုပ်ငန်းရဲ့ စုစုပေါင်းခန့်မှန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကနေ ၂ ဒသမ ၄ ဘီလီယံကြားအထိ မြင့်တက်လာပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၂ ခုနှစ် ဂျီဒီပီရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းကနေ ၄ ဒသမ ၁ ရာခိုင်နှုန်း နဲ့ ညီမျှတယ်လို့ UNODC အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပဋိပက္ခနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြား စီးပွားရေးအကြပ်အတည်း၊ ငွေကြေးဖောင်းပွမှုနဲ့ မလုံခြုံမှုတွေကြောင့် ဝေးလံခေါင်သီတဲ့ ဒေသတွေက လယ်ယာစိုက်ပျိုးသူတွေအနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုးလာကြရတယ်”လို့ အစီရင်ခံစာမှာဖော်ပြထားပြီး ၂၀၂၂-၂၃ ခုနှစ်အတွက် ခန့်မှန်းထားတဲ့ ဘိန်းထုတ်လုပ်မှုဟာ နှစ် ၂၀ ကျော် အတွင်း အမြင့်ဆုံးအဆင့်ထိ ရောက်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပိုမိုကောင်းမွန်တဲ့ စိုက်ပျိုးရေးစနစ်တွေ၊ ဓာတ်မြေသြဇာ အသုံးပြုမှုတွေအပါအဝင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပိုခေတ်မီတိုးတက်လာပြီး အထွက်နှုန်း ပိုတိုးလာတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့တခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်း ရဲအရာရှိ တယောက်ကတော့လတ်တလောပဋိပက္ခတွေကြောင့် ဘိန်းခင်းတွေကို ရှာဖွေ ဖျက်ဆီးရေး တရားဥပဒေစိုးမိုးရေး ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။

“လုံခြုံရေးမရှိရင် ကျနော်တို့ လုပ်ချင်နေတဲ့တိုင်အောင် အများကြီးလုပ်လို့မရပါဘူး” လို့ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးတဲ့ နေရာဒေသတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံး ပိုကျယ်ပြန့်လာခဲ့ပြီး တနိုင်ငံလုံး ဘိန်းစိုက်ဧက ၁၀၂,၀၅၄ ရဲ့ ၈၈ ရာခိုင်နှုန်း လောက် ရှိနေတယ်လို့ သိရပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း ဘိန်းစိုက်ပျိုးမှု တိုးလာနေတယ်လို့ UNODC အစီရင်ခံစာက ဆိုပါတယ်။

SOURCE- UNODC/AFP/CBS/TheNationalNews

Photo Credit-UNODC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013