
၂၀၂၄ ခုနှစ် မြန်မာဘိန်းစစ်တမ်း အစီရင်ခံစာကို UNODC ရုံးက ဒီဇင်ဘာ ၁၂ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထုတ်ပြန်လိုက်တာပါ။
၂၀၂၄ ခုနှစ်မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၅,၀၀၀ ကျော်ရှိနေပြီး အဲဒီပမာဏရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ရှမ်းပြည်နယ်မှာ စိုက်ပျိုးတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာအရ ဘိန်းစိုက်ပျိုးမှု ကျဆင်းပေမဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု ပိုတိုးလာတာကို တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ “ဘိန်းစီးပွားရေး” လုပ်ငန်းရဲ့ စုစုပေါင်း အသားတင် ခန့်မှန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကနေ ၁ ဒသမ ၅ ဘီလီယံကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၃ ခုနှစ် ဂျီဒီပီရဲ့ ၁ ရာခိုင်းနှုန်းကနေ ၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ UNODC အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရလာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကနေ စတင်ကာ မူးယစ်ဆေးဝါးတွေကို ပိတ်ပင်လိုက်တဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။