DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှုပိုများလာပြီး မြွေဆိပ်ဖြေဆေးရရှိရန် အခက်အခဲကြုံနေ
DVB
·
December 3, 2024
မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှုပိုများလာပြီး မြွေဆိပ်ဖြေဆေးရရှိရန် အခက်အခဲကြုံနေ
Donate to DVB

မြန်မာနိုင်ငံမှာ မြွေကိုက်ခံရတဲ့ ဖြစ်စဉ်တွေပိုများလာပြီး မြွေဆိပ်ဖြေဆေးရရှိဖို့ အခက်အခဲတွေရှိနေတာကြောင့် သေဆုံးတာတွေလည်း ရှိနေတယ်လို့ မြွေအကြောင်းလေ့လာသူတွေက ပြောကြပါတယ်။

အပူပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ဟာ မြွေကိုက်ခံရတဲ့ ဖြစ်စဉ် အဖြစ်အများဆုံးဒေသတွေဖြစ်တယ်လို့ Snakes of Myanmar အဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ကလည်း မကွေးတိုင်း ပခုက္ကူမြို့ အမှတ် ၁ ရပ်ကွက်က အသက် ၁၇ နှစ်အရွယ် ကျောင်းသူတယောက် အဆိပ်ပြင်းမြွေ ကိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

ကျောင်းသူ မလင်းလင်းမြတ်ဟာ ကျူရှင်ကနေ နေအိမ်ပြန်လာပြီး အိမ်သာဝင်ချိန်မှာ ဘိုထိုင် အိမ်သာခွက်ထဲကနေ တင်ပါးကို မြွေဟောက်အကိုက်ခံလိုက်ရပြီး အကိုက်ခံရပြီး ၁ နာရီအကြာ ဆေးရုံရောက်ရှိချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြွေအကြောင်းလေ့လာသူ ကိုဝင်းပိုင်ဦးက “မြန်မာနိုင်ငံမှာတော့ မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား၊ သံကွင်းစွတ်၊ အဲဒီမြွေတွေက တွေ့ရတာလည်းများပြီး ကိုက်မှုလည်း များတယ်၊ တခြား အဆိပ်ပြင်းမြွေတွေကတော့ တွေ့ရတာလည်းနည်းတယ်၊ အကိုက်ခံရတာလည်း နည်းတယ်။ သံကွင်းစွတ်၊ ငန်းတော်ကျားတို့လည်း ကိုက်တဲ့ဖြစ်စဉ်လည်း နည်းတော့နည်းတယ်၊ ဒါပေမဲ့ သူတို့က အဆိပ်ပြင်းတဲ့ထဲ ပါတာမလို့ သူတို့ကြောင့် သေတဲ့ဖြစ်စဉ်လည်း ရှိတယ်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့မှာ အဖြစ်အများဆုံးပေါ့နော်” လို့ ပြောပါတယ်။

တိုက်ပွဲတွေ အဖြစ်အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာလည်း မကြာခဏ မြွေကိုက်ခံရပြီး အသက်ဆုံးရှုံးကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အညာဒေသက စစ်ဘေးရှောင်တွေဟာ တောတွေနဲ့ လယ်ခင်းတွေထဲ ထွက်ပြေး စစ်ဘေးတိမ်းရှောင်ကြရတဲ့အခါ အဆိပ်ရှိမြွေဆိုးတမျိုးဖြစ်တဲ့ မြွေပွေးကိုက်ခံရမှု အများဆုံး ခံကြရပြီး ဈေးနှုန်းကြီးမြင့်မှုနဲ့ စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားတဲ့ အတွက် စစ်ဘေးရှောင်တွေ ဆေးဝါးရရှိဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ကန့်ဘလူဒေသခံတယောက်က “ရာသီကတော့ သုံးရာသီလုံးပါပဲ။ ကောက်ပဲသီးနှံ ရိတ်ချိန်လည်း မြွေကတော့ရှိတယ်။ ကျမတို့နယ်မှာတော့ ကိုက်တာ မြွေပွေးရယ်၊ မြွေဟောက်ရယ် ၂ မျိုးရှိတယ်။ ဆေးဝယ်ရတဲ့ ဈေးကတော့ BPI ဆို ၂ သိန်းကျော်နေမယ်၊ အိန္ဒိယဆို အရင်က ၂ သောင်းခွဲ၊ ၃ သောင်းဝန်းကျင်ပဲ၊ အခု ၇ သောင်းလောက်ရှိပြီ” လို့ ပြောပါတယ်။

နွေရာသီကာလ ကောက်ပဲသီးနှံရိတ်သိန်းချိန်နဲ့ မိုးရာသီ ရေကြီးချိန်တွေမှာ မြွေကိုက်ခံမှု ဖြစ်စဉ် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မြွေပွေးနဲ့ မြွေဟောက် အဆိပ်ဖြေဆေး ၂ မျိုး အိန္ဒိယနိုင်ငံထုတ်ဆေးနဲ့ မြန်မာနိုင်ငံ ဆေးဝါးပစ္စည်းစက်ရုံ BPI စက်ရုံထုတ် ၂ မျိုးရှိပြီး ဆေးတလုံးကို ကျပ်သိန်းချီ ပေးရပြီး ဝယ်ယူရရှိဖို့လည်း ခက်ခဲတယ်လို့ သိရပါတယ်။

Snakes of Myanmar အဖွဲ့မှ မစိုးသန္တာအောင်က “နွေရာသီမှာဆိုရင် တောင်သူလယ်သမားတွေက မြွေကိုက်ခံရဖို့ အခွင့်အရေးများပါတယ်။ ဆောင်းရာသီမှာဆို အေးတဲ့အတွက်ကြောင့် မြွေတွေက လှုပ်ရှားမှုမရှိပါဘူး၊ တွင်းထဲမှာပဲ အပူချိန်ထိန်းပြီး နေတတ်ကြပါတယ်။ မြွေတွေက သွေးအေးသတ္တဝါဖြစ်တဲ့အတွက် အေးတဲ့အချိန်ဆို သူတို့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ပါဘူး။ အဆိပ်ပြင်းမြွေ ကိုက်ခံရရင် လူနာ အသက်မဆုံးရှုံးစေဖို့အတွက် ဆေးရုံကို အမြန်ဆုံးရောက်ပြီး‌ မြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်ပါတယ်။ ဆေးရုံကို သွားနေစဉ်အတွင်းမှာ လူနာကို ရှေးဦးသူနာပြုစုနည်းအတိုင်း လုပ်ပြီးတော့ လှုပ်ရှားမှုနည်းအောင် ထားပါ၊ လှုပ်ရှားမှုများရင် မြွေဆိပ်တက်တာ ပိုမြန်လို့ လူနာအတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ မြွေဆိပ်ဖြေဆေး မလုံလောက်တာတွေရှိတယ်၊ မကြာခင်က မြွေဟောက်ကိုက်တဲ့ case ၂ ခုရှိတယ်၊ မြွေဆိပ်ဖြေဆေး မလုံလောက်လို့ လက်ဖြတ်လိုက်ရတာရှိတယ်” လို့ ပြောပါတယ်။

အခုနှစ်စကနေ နိုဝင်ဘာလအထိ Snakes of Myanmar အဖွဲ့ရဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့မှာ မြွေကိုက်ခံရသူ အယောက် ၂၀ ကျော်ရှိပြီး ၂ ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သီရိ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013