
အီတလီနဲ့ ဂျူဗင်တပ်နောက်ခံလူဟောင်း ချီလီနီဟာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ် ။
အသက် ၃၉ နှစ်ရှိ ဝါရင့်ခံစစ်မှူးဟာ ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်ကနေ ထွက်ခွါပြီး အမေရိကန် မေဂျာလိဂ်ကလပ် လော့အိန်ဂျယ်လိစ် အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာပါ။
ပြီးခဲ့တဲ့ စနေနေ့က လော့အိန်ဂျယ်လိစ်အသင်းက မေဂျာလိဂ်ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားဘ၀ကနေ အနားယူကြောင်း ချီလီနီက ကြေညာခဲ့တာပါ။
ဘောလုံးသမားဘဝဟာ ဘဝရဲ့ အလှပဆုံးနဲ့ အပြင်းထန်ဆုံး ခရီးတစ်ခုဖြစ်ခဲ့ပြီး စိန်ခေါ်မှုအသစ်တွေနဲ့ အခန်းကဏ္ဍအသစ်တွေကို စတင်ဖို့ အချိန်ကောင်းဖြစ်တာကြောင့် အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ချီလီနီက ပြောပါတယ်။
သူဟာ အီတလီအသင်းကို ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး ဂျူဗင်တပ်မှာလည်း ၂၀၁၁ ကနေ ၂၀၂၀ အထိ စီးရီးအေချန်ပီယံ ၉ ကြိမ် ဆက်တိုက်ရရှိအောင် စွမ်းနိုင်ခဲ့ပါတယ်။
အီတလီအသင်းအတွက် ၁၁၇ ပွဲ ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်က အနားယူခဲ့သူဖြစ်ပါတယ်။
Source/Photo - Reuters










