DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ MyTel တာဝါတိုင် ဖျက်ဆီးမှုဖြင့် လူ ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီး
DVB
·
December 11, 2023
ဧရာဝတီတိုင်း၌ MyTel တာဝါတိုင် ဖျက်ဆီးမှုဖြင့် လူ ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်တပ်ပိုင် MyTel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၁၀ လတာကာလအတွင်း  ဒေသခံ အယောက် ၁၀၀ ကျော်ကို စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ အခုနှစ် နိုဝင်ဘာလကုန်အထိ ၁၀ လအတွင်း Mytel ဖုန်းတာဝါတိုင်တွေနဲ့ မိုင်းခွဲခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံ အမျိုးသာ ၆၉ ယောက်နဲ့ အမျိုးသမီး ၄၉ ယောက်စုစုပေါင်း ၁၁၈ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူ ၁ ယောက်က “အဖမ်းခံရသူတွေက လူငယ်တွေချည်းပဲ။ စစ်ကောင်စီတပ်နဲ့ ရဲတွေ ဖမ်းတာပါ။ သံသယနဲ့ အဖမ်းခံရတာ။ အားလုံးအယောက် ၁၀၀ ကျော်လာပြီး၊ မအူပင်မြို့နယ် မက်လောင်ကျေးရွာက ၄ ယောက်နဲ့ ဘုရားကုန်းကျေးရွာက ၄ ယောက်ဆို အောက်တိုဘာ ၂ ရက်က အဖမ်းခံရတာ၊ အဖမ်းခံရတုန်းက အရိုက်ခံထားရတာ၊ အတော်ကိုပြင်းထန်တဲ့ ဒဏ်တွေရရှိခဲ့တာ။ ရွှေတောင်မှော်က မိုက်တဲတိုင် မိုင်းခွဲခံရတာနဲ့ ပတ်သက်ပြီး ဖမ်းတာ။ အဖမ်းခံရတဲ့သူတွေက တက်ကြွသူတွေလည်းမဟုတ်သလို ဒီလုပ်ရပ်ကို လုပ်မယ့်သူတွေလည်း မဟုတ်ပါဘူး။ စစ်ကောင်စီက သူတို့မထောက်ခံတဲ့ လူငယ်တွေကို အငြိုးနဲ့ ဖမ်းနေတာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့သူ ၁၁၈ ယောက်ထဲမှာ ကျန်းမာရေးမကောင်းတဲ့ လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်ပြီး၊ ဘိုကလေး၊ ကျိုက်လတ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ လပွတ္တာ၊ ဝါးခယ်မ၊ ပန်းတနော်၊ ပုသိမ်၊ ဟင်္သာတ စတဲ့မြို့နယ်တွေကနေ အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ မိသားစုဝင် ၁ ယောက်က “အဖမ်းခံရသူတွေထဲမှာ အမျိုးသား လူငယ်တွေ များတယ်။ မိန်းကလေးတွေကလည်း လူငယ်တွေပါ။ ဘာပဲပြောပြော မိန်းကလေးတွေဆိုတော့ စိုးရိမ်တယ်။ ထောင်ဒဏ်ချမှတ်တာလည်း မလုပ်သေး၊ ပြန်လည်းမလွှတ်ပေးသေးတော့ အတော့်ကို စိုးရိမ်တယ်။ တချို့မိသားစုတွေဆို ဒီကနေ့အထိ အဖမ်းခံရတဲ့ ကလေးတွေနဲ့ တွေ့ခွင့်မရတာတွေလည်း ရှိနေတယ်”လို့ ပြောပါတယ်။

MyTel ဖုန်းတာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေက လုပ်တာလို့ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ထားပေမဲ့ မိုင်းခွဲဖျက်ဆီးခံရတဲ့  ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အမှန်တကယ်ဖောက်ခွဲ ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ဒေသခံကိုတွေကိုသာ စွပ်စွဲဖမ်းဆီးထားတာလို့ သိရပါတယ်။

တရားလွှတ်တော် ရှေ့နေ ၁ ယောက်က “အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး လူထုခေါင်းဆောင်တွေ၊ အနိုင်ရတဲ့ အာဏာရပါတီကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်မှုတွေ စသဖြင့် ဖြစ်ပွားမှုစတင်တဲ့နေ့ကစပြီး လူထုရဲ့ လွတ်လပ်စွာသတင်းအချက်လက်ရယူ ပိုင်ခွင့်၊ သတင်းစီးဆင်းမှုတွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ အားလုံးဟာ ပျက်သုဉ်းသွားခဲ့ပြီဖြစ် ပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ကြိုးပမ်းမှုဖြစ်စဉ်ဆက် ရှိနေသရွေ့ ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှု လုံးဝမရှိတော့ဘူး။ ဒါကြောင့်မို့ ပြည်သူတွေက သတင်းအချက်အလက် စီးဆင်းမှုတွေနဲ့ လွတ်လပ်မှုတွေ ပြန်လည်ရရှိအောင် စစ်ကောင်စီရဲ့အာဏာသိမ်းမှုဖြစ်စဉ်တွေကို ရတဲ့ နည်းလမ်းနဲ့ တော်လှန်ပုန်ကန်နေတာ။ အခု အဖမ်းခံရတဲ့ ကလေးတွေကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၆၆ (ဃ) နဲ့ ၇၇ တွေနဲ့ အမှုဖွင့်တာတွေရှိတယ်။ လုံးဝအမှုမဖွင့်ဘဲ အချုပ်ချထားသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ပြည်သူလူထုတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးမှာ တစ်စိတ်တပိုင်း အထောက်အကူပြုတဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို ဖောက်ခွဲဖျက်ဆီးတာတွေ တွေ့လာရတဲ့ အတွက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်က စစ်တပ်ပိုင် မြဝတီသတင်းစာမှာ ရေးသားထားပါတယ်။

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး ဗီယက်နမ်စစ်တပ်နဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံဈေးကွက်ကို စတုတ္ထမြောက် တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာအနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း စစ်တပ် ပိုင်ဆိုင်တဲ့ မြန်မာဘီယာ မသောက်ကြဖို့၊ စစ်တပ်အသိုင်းဝိုင်းနဲ့ ဆက်နွှယ်နေတဲ့ပစ္စည်းတွေ မသုံးဖို့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ သပိတ်အင်အားစုတွေက  လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့် လှုံ့ဆော်စည်းရုံးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013