DVB Logo
Home
မြန်မာသတင်း
မင်းတပ်ဒေသခံအချို့ ဖမ်းဆီးခံရ၊ တမူးမြို့နယ် တုံးကျော်ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
December 9, 2023
မင်းတပ်ဒေသခံအချို့ ဖမ်းဆီးခံရ၊ တမူးမြို့နယ် တုံးကျော်ရွာကို စစ်ကောင်စီတပ် မီးရှို့
Donate to DVB

ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် ပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာ မင်းတပ်မြို့ ခလရ-၂၇၄ တပ်ရင်းကနေ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို CDF မင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်နားက လမ်းသွားလမ်းလာ လူငယ် ၂ ဦးနဲ့ မြို့မစျေးအနီးက လူငယ် ၆ ဦးအပါအဝင် မြို့ခံ ၁၅ ဦးထပ်မနည်းကို စစ်မေးဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အရှေ့ပြင်နားက လူငယ် ၂ ယောက်၊ မြို့မစျေးနားမှာနေတဲ့ နို့စို့အရွယ် ကလေးပါတဲ့ မိသားစုတစု၊ လိုင်းသုံးနေတဲ့ လူငယ် ၄ ယောက်ကို ဖမ်းထားတယ်။ အဖမ်းခံရတဲ့သူတွေက မနေ့ညနေကအထိ ပြန်မလွတ်သေးဘူး။ စကစ အုပ်စုက Non-CDM တွေကို လုံခြုံမှုမရှိတဲ့ နေရာတွေကို မသွားလာရ၊ ညမထွက်ရလို့ လက်မှတ်ထိုးခိုင်းပြီး အမိန့်ပေးကန့်သတ်ထားတယ်” လို့ မင်းတပ်မြို့ခံတဦးက ပြောပါတယ်။

ထိတွေ့မှုဖြစ်နေချိန်နဲ့ ဖြစ်အပြီးမှာ မင်းတပ်မြို့ ခလရ ၂၇၃ တပ်ရင်း၊ မီးသတ်ကုန်း၊ ဆက်သွယ်ရေးကုန်းတို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရှေ့ပြင်ရပ်ကွက်ဝန်းကျင်က ပြည်သူ့နေအိမ် ၃ လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ CDF မင်းတပ်ဘက်က အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်း တမူး-အောင်ဇေယျကားလမ်းပိုင်းရှိ တုံးကျော်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၀ နာရီ‌ဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ မြို့သစ်မြို့ကနေ တုံးကျော်ကျေးရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ဒေသခံ နေအိမ် ၁၇ လုံးကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

တမူးဒေသခံတဦးက "တုံးကျော်ရွာမှာက တိုက်ပွဲဖြစ်ပွားတာမျိုးလည်း တခါမှမရှိဘူး။ ရွာက စစ်‌ပြေးရတာလည်း မရှိဘူး။ မြို့သစ်မြို့မှာနေတဲ့ စစ်သားတွေက ရွာထဲကို ရုတ်တရက်ကြီး သေနတ်တွေ ဖောက်ဝင်လာပြီး ရွာကနေအိမ်တွေ မီးရှို့ခဲ့တာ။ ရွာခံတွေကတော့ ဖြစ်ဖြစ်ချင်း ညတွင်းချင်း ရွာထဲကနေ ပြေးကြတာ" လို့ ပြောပါတယ်။

အဆိုပါ တုံးကျော်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိကာ ကူကီးလူမျိုးတွေ အများဆုံးနေထိုင်တယ်လို့ သိရပါတယ်။

တမူးမြို့ အထက်ပိုင်း သနန်ရွာနဲ့ ဦးအောင်ဇေယျဘက်‌တစ်ဝိုက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ လက်ရှိ ပြင်းထန်‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က တမူးမြို့အနီး ထန်းတပင်ကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ကို  ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013