DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ်ပါချုပ်အပါအဝင် ၅ ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီချမှတ်၊ ဖမ်းမိ လေယာဉ်မှူးကို တရားစွဲရန် ပြင်ဆင်
DVB
·
December 9, 2023
လွိုင်ကော်တက္ကသိုလ်ပါချုပ်အပါအဝင် ၅ ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီချမှတ်၊ ဖမ်းမိ လေယာဉ်မှူးကို တရားစွဲရန် ပြင်ဆင်
Donate to DVB

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ယောက်ကို တစ်ယောက် ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ချမှတ်ကာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေက ကယ်ထုတ်လာတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကို ငွေဒဏ်ချပြီး ဒီဇင်ဘာ ၅ ရက်က မိသားစုတွေနဲ့အတူ ပြန်လွှတ်ပေးလိုက်တာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က  ဒီဗွီဘီကို ပြောပါတယ်။

ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကို ကရင်နီပြည် ရဲဌာနကနေ တရားလိုလုပ်ကာ ပုဒ်မ(၁၇/၁) မတရားအသင်းဆက်သွယ်မှုနဲ့ ဟိုယာမြို့နယ်တရားရုံးမှာ  တရားစွဲတင်ခဲ့ပြီး တရားရုံးက တစ်ဦးကို  ငွေဒဏ် ကျပ် ၁၀ သိန်းစီချမှတ်ခဲ့ပါတယ်။

အခုလို ငွေဒဏ်ချပြီး ပြန်လွှတ်ပေးတဲ့အပေါ် မကျေနပ်မှုတွေနဲ့ ဝေဖန်မှုတွေ ရှိပေမဲ့ တစ်ဖက်မှာ လွတ်လပ်တဲ့တရားစီရင်ရေးအနေနဲ့ စီရင်ချက်ချတာဖြစ်ပြီး  ကောင်စီ အနေနဲ့ ဝင်ရောက် စွက်ဖက်တာမရှိဘူးလို့   ခူပလုရယ်က ပြောပါတယ်။

“ပါချုပ်နဲ့အဓိက အပါဝင်ငါးဦးကို KSP (ကရင်နီရဲတပ်ဖွဲ့) က တရားလိုလုပ်ပြီးမှ ပုဒ်မ၁၇/၁ မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲတင်တယ်လို့သိရတယ်။ ဟိုယာမြို့နယ်တရားရုံးကို တရားစွဲ တင်ပြီးတော့မှ တရားရုံးက ငွေဒဏ်နဲ့ ချမှတ်ပြီး ပြန်လွှတ်တယ်လို့ သိရပါတယ်။ မကျေနပ်မှုတွေ ဝေဖန်မှုတွေရှိမဲ့ တဖက်မှာ တရားစီရင်ရေးက လွတ်လပ်တဲ့ တရားစီရင်ရေးအနေနဲ့ စီရင်ချက်ချတဲ့အခါကျတော့ ကျနော်တို့ အုပ်ချုပ်ရေးအနေနဲ့က တစုံတရာ ဝင်ရောက်စွက်ဖက်တာလုပ်လို့မရဘူး။ ရှိလည်း မရှိဘူး။ တခုတော့ရှိတယ် တရားလို လုပ်ပြီးတရားစွဲတဲ့ KSP က အချက်အလက်တွေပြန်ကြည့်ပြီး ထပ်စွဲဖို့လိုတယ်ဆိုရင် ခရိုင်အဆင့်တရားရုံးကို ပြန်တက်လို့ရတဲ့ အနေအထားတော့ရှိတယ်။ ဒါကလည်း အချက် အလက်တွေအပေါ်မူတည်တယ်။ အုပ်ချုပ်ရေးကောင်စီအနေနဲ့ကတော့ ဒီလိုလုပ်ပါ ဒီလို တရားစွဲ စီရင်ချက်ချပါဆိုတာ  စွက်ဖက်မှုမရှိဘူး။”

အလားတူ ဖမ်းမိထားတဲ့ စစ်ကောင်စီလေယာဉ်မှူး ခိုင်သန့်မိုးကိုလည်း လတ်တလောမှာ စစ်ဆေး မေးမြန်းနေဆဲ အခြေအနေသာရှိပြီး တရားရုံးမှာ တရားစွဲတင်နိုင်ဖို့ ပြင်ဆင်နေဆဲသာ ဖြစ်တယ်လို့သိရပါတယ်။

တရားစီရင်ရေးနဲ့ ပတ်သက်ပြီး အတိအကျမပြောနိုင်ပေမယ့် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ရှိကောင်း ရှိနိုင်တယ်လို့ ခူပလုရယ်က  ပြောပါတယ်။

“တရားစီရင်ရေးနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ ကိုးကားရမယ့် ဥပဒေအပေါ်မူတည်ပြီး စွဲချက်တင်တာ၊ စီရင်ချက်ချတာဆိုတော့ အတိအကျပြောလို့မရဖူး။ ဒါပေမဲ့ ပိုင်းလော့ ဗိုလ်မှူးအဆင့်ဖြစ်တဲ့အတွက် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ရှိကောင်းရှိလာနိုင်ပါတယ်။ အခုတော့ တရားရုံး မတင်ရသေးတဲ့အနေအထားရှိတယ်။”

လွိုင်ကော်တက္ကသိုလ်ကနေ  တော်လှန်ရေးတပ်တွေကယ်ထုတ်လာခဲ့တဲ့ Non CDM  ဝန်ထမ်းတွေကို အထူးစုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးပြီးချိန်မှာ စစ်ကောင်စီနဲ့ပတ်သက်မှု မရှိတဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၃ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကတည်းက နယ်နှင်ဒဏ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

သီဟ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013