DVB Logo
Home
နိုင်ငံတကာ
အစ္စရေးပစ်ခတ်မှုကြောင့် ရိုက်တာသတင်းထောက်သေဆုံးခဲ့မှု စစ်ရာဇဝတ်မှုအဖြစ် စစ်ဆေး စေလို
DVB
·
December 8, 2023
အစ္စရေးပစ်ခတ်မှုကြောင့် ရိုက်တာသတင်းထောက်သေဆုံးခဲ့မှု စစ်ရာဇဝတ်မှုအဖြစ် စစ်ဆေး စေလို
Donate to DVB

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အစ္စရေးတင့်ကား ပစ်ခတ်ခဲ့မှုကြောင့် ရိုက်တာ သတင်းထောက် အစ်ဆမ်အဗ္ဗဒလ္လာ သေဆုံးခဲ့ပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့တာဟာ အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်တာဖြစ်နိုင်ပြီး ဒါကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးရမှာဖြစ်ကြောင်း Amnesty International  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က ဌာနစုံ သတင်းထောက်တွေပါဝင်တဲ့ အဖွဲ့ဟာ လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို ရိုက်ကူးနေချိန်အတွင်း အစ္စရေးတင့်ကားက အမြောက် ၂ ချက် ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ရိုက်တာသတင်းထောက် အစ်ဆမ် အဗ္ဗဒလ္လာ သေဆုံးခဲ့ပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ရိုက်တာရဲ့ စုံစမ်းစစ်ဆေးမှုတခုအရ AFP၊ အယ်လ်ဂျာဇီးရားနဲ့ ရိုက်တာက သတင်းထောက်အုပ်စုဟာ အပြာရောင်အင်္ကျီနဲ့ “PRESS” ဆိုတဲ့ စာလုံးအဖြူနဲ့ ရေးသားထားတဲ့ ဦးထုပ်တွေကို ဝတ်ဆင်ထားပြီး သူတို့တွေဟာ သစ်ပင်တွေ ဖုံးကွယ်ခြင်းမရှိ၊ တခြားအဆောက်အဦတွေလည်း မရှိတဲ့ ဟင်းလင်းပြင် ဧရိယာရှိ တောင်ကုန်းတခုပေါ်မှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး အနီးနားရှိ အစ္စရေး စစ်စခန်းတွေကနေ သူတို့ကို အဆီးအတားမရှိ မြင်နိုင်တဲ့အပြင် ခေါင်းပေါ်မှာလည်း အသံတဝီဝီနဲ့ ဒရုန်းတွေ လှည့်ပတ်နေပြီးတော့ အစ္စရေး ရဟတ်ယာဉ်တစင်း ကင်းလှည့်နေတာလို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ သူတို့ပစ်ခတ်ခဲ့တဲ့ လူအုပ်စုဟာ အရပ်သားတွေဖြစ်နေတဲ့အပြင် နိုင်ငံတကာ သတင်းထောက်အုပ်စု ဖြစ်နေတာကို သိသာနေကြောင်း သက်သေအထောက်အထားတွေက ညွှန်ပြနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း ပြောကြားခဲ့ပါတယ်။

အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အိုင်လွန်လဲဗီးကတော့ အစ္စရေးတပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးသမား မဟုတ်သူတွေကို ပစ်မှတ်ထားခဲ့တယ် ဆိုတာကို ရုပ်မြင်သံကြား ရှင်းလင်းပွဲမှာ  ငြင်းဆိုခဲ့ပါတယ်။

HRW နဲ့ Amnesty International တို့ရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ကြာသပတေးနေ့မှာ ရိုက်တာရဲ့ မေးမြန်းချက်တွေကို အစ္စရေးဝန်ကြီးချုပ်ရုံးက ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ရိုက်တာဟာ အစ္စရေးနိုင်ငံအတွင်းကနေ တင့်ကားတွေရဲ့ ပစ်ခတ်ခြင်းခံရကြောင်း တွေ့ရှိချက်ကို အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကို တင်ပြခဲ့ပြီး သတင်းထောက်တွေကို ပစ်ခတ်နေတယ် ဆိုတာကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သိထားခြင်း ရှိ မရှိ အပါအဝင် အသေးစိတ် မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။

IDF ရဲ့ နိုင်ငံတကာ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ရစ်ချတ် ဟတ်ချ်ထ် ကတော့ သူတို့ဟာ သတင်းထောက်တွေကို ပစ်မှတ်မထားပါဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပြီး နောက်ထပ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

အစ္စရေးနဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အစ္စရေးက အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း ပြောကြားထားတဲ့ တိုင်ကြားစာမှာ ထည့်သွင်းဖို့ ရိုက်တာနဲ့ AFP အစီရင်ခံစာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လွှဲပြောင်းပေးမယ်လို့ လက်ဘနွန်က ပြောပါတယ်။

လက်ဘနွန်ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အစ္စရေး ဝန်ကြီးချုပ်ရုံးက တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013