DVB Logo
Home
နိုင်ငံတကာ
ထိုင်းရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စ်ကို သတ်မှတ်  
DVB
·
December 7, 2023
ထိုင်းရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စ်ကို သတ်မှတ်  
Donate to DVB

နှစ်စဉ် ဧပြီလထဲမှာ ကျင်းပလေ့ရှိတဲ့ ‘ဆုန်ကရန်း’  ထိုင်းရိုးရာသင်္ကြန် ရေသဘင်ယဉ်ကျေးမှုကို  ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ကြောင်း  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့  ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) က ဒီဇင်ဘာ ၆ ရက်က အသိအမှတ်ပြု ထုတ်ပြန် ကြေညာပါတယ်။

ဘော့ဆွာနားနိုင်ငံ ကာစိန်းမြို့မှာ ဒီဇင်ဘာ ၄ ရက်မှ ၉ ရက်အထိ ကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် ယူနက်စ်ကိုအဖွဲ့ရဲ့ အစည်းအဝေးမှာ ရွေးချယ်ဆုံးဖြတ်ပြီး အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကလည်း အထူး ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ရွေးချယ်ရေး ကော်မတီအားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိကြောင်းပြောပါတယ်။

ထိုင်းရိုးရာသင်္ကြန်မှာ ထိုင်းနှစ်သစ်ကူးပွဲနဲ့အတူ ဘုရားရေသပ္ပါယ်တာ၊ သံဃာတော်တွေနဲ့ လူကြီးမိဘတွေကို ပူဇော်ကန်တော့တာ၊ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ရေကစားတာ စတဲ့ဓလေ့ ထုံးတမ်းစဉ်လာတွေ ရှိတယ်။ လှပတဲ့ရိုးရာအကတွေ ရှိတယ်။ အချင်းချင်း စည်းလုံးညီညွတ်မှုကို ပြသတယ်။ အခုလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပြီးတဲ့နောက် နိုင်ငံတကာအဆင့်မီ ရိုးရာယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားမယ်။ နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ လာမယ့် ဧပြီလထဲ ကျရောက်မယ့်  ထိုင်းရိုးရာသင်္ကြန်ပွဲကို လာရောက်ပါဝင် ဆင်နွှဲကြဖို့ ဖိတ်ခေါ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် အခုလို အသိအမှတ်ပြုခံရတာကို ဂုဏ်ယူဝမ်းမြောက်တဲ့အနေနဲ့ ဒီဇင်ဘာ ၇ ရက် ဒီညနေပိုင်းမှာ ဘန်ကောက်ပြည်သူ့ရင်ပြင်မှာ သင်္ကြန်အလှနဲ့ အကပွဲတော်ကို ကျင်းပဖို့လည်း ရှိနေပါတယ်။ အဲဒီပွဲတော်မှာ ထိုင်းကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe အလှမယ်လည်း လာရောက်ကပြဖျော်ဖြေမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ထိုင်းရိုးရာ “ခွန်” ဘီလူးအကကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်က ရိုးရာအနှိပ်ပညာကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်က နိုရာနတ်သမီး/နတ်သားအက ကိုလည်းကောင်း ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး  ဒီ ၂၀၂၃ ခုနှစ်မှာ ရိုးရာသင်္ကြန်ပွဲတော်ကို ထပ်မံအသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။ 

သင်္ကြန်ရေသဘင်ပွဲတော်ကို ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပါတယ်။ 

Source: MGR Online

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013