DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအပေါ် ကန့်သတ်မှုများ လျှော့ပေးရန်နှင့် အကူအညီ ပြန်တိုးပေးရန် ICG တိုက်တွန်း
DVB
·
December 6, 2023
ရိုဟင်ဂျာအပေါ် ကန့်သတ်မှုများ လျှော့ပေးရန်နှင့် အကူအညီ ပြန်တိုးပေးရန် ICG တိုက်တွန်း
Donate to DVB

နေရပ်ပြန်နိုင်ရေး မသေချာသေးတဲ့အချိန်မှာ အထောက်အပံ့တွေ လျှော့ချခံရလို့ ဒုက္ခထပ်ကြုံနေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအပေါ်မှာ ကန့်သတ်တာတွေကို လျှော့ပေးဖို့နဲ့ အကူအညီတွေ ပြန်တိုးပေးဖို့ လိုတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာ ICG က ‘သောကပင်လယ်ဝေရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်များ’ ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး ရိုဟင်ဂျာတွေ လတ်တလောကြုံတွေ့နေရတာတွေနဲ့ နိုင်ငံတကာကို အကြံပြုချက်တွေ ဖော်ပြထားတာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်နေတာကြောင့် ရိုဟင်ဂျာတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ အလုပ်လုပ်ခွင့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်ပိတ်ပင်ထားသလို လူသားချင်းစာနာမှုအဖွဲ့တွေအတွက်လည်း ကန့်သတ်ထားလို့ အကူအညီပေးဖို့အတွက် ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရိုဟင်ဂျာတွေအပေါ် ပေးအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို တဖြည်းဖြည်းလျှော့ချလာပြီး ၂၀၂၂ ခုနှစ် ကုလသမဂ္ဂနိုင်ငံတွေက ထည့်ဝင်လှူဒါန်းငွေဟာ ၆၃ ရာခိုင်နှုန်းပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ အကြီးအကျယ်လျော့ကျသွားပြီး WFP က ဒုက္ခသည်တယောက်ကို အရင်က တလအတွက် ၁၂ ဒေါ်လာဖိုး စားနပ်ရိက္ခာပေးနိုင်ခဲ့ပေမဲ့ အခုတော့ ၈ ဒေါ်လာဖိုးပဲ ပေးနိုင်တော့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့အစည်း (RSO) တို့ရဲ့ တိုက်ပွဲတွေမှာ ဒုက္ခသည်အများအပြား ကြားညပ် သေဆုံးခဲ့ပြီး ဒုက္ခသည်စခန်းစောင့်လုံခြုံရေး ရဲတပ်ရင်းမှာလည်း ကာကွယ်ပေးဖို့ လုံလောက်တဲ့ ရုပ်ဝတ္ထု အရင်းအမြစ်မရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါတင်မက အဲဒီရဲတပ်ရင်းဟာ ဒုက္ခသည်တွေကို ကာကွယ်ရမယ့်အစား သူတို့ကိုယ်တိုင် ခြိမ်းခြောက် ငွေညှစ်တာ၊ ပြန်ပေးဆွဲတာ စတဲ့ ပြစ်မှုတွေမှာ ပါဝင်နေတယ်လို့ စွပ်စွဲတာတွေလည်း မကြာခဏ ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဒုက္ခသည်တွေဟာ စခန်းကနေ ခိုးထွက်ပြီး ရခိုင်ပြည်နယ်ထဲကို ပြန်တာ၊ မလေးရှားလိုနိုင်ငံမျိုးဆီကို ပင်လယ်ရေလမ်းက သွားတာ၊ လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် ရာဇဝတ်ဂိုဏ်းထဲ ဝင်တာမျိုးတွေ လုပ်လာရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တယောက်က “စားရေးသောက်ရေးကျတော့ လူတယောက် တလ ၈ ဒေါ်လာနှုန်းနဲ့က လုံလောက်တယ်လို့ ပြောလို့မရဘူး။ ပြန်လာဖို့ဆိုတာ အခြေအနေ မပေးသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် မြန်မာဘက်က လိုက်လျောတာ ဘာမှမရှိဘူး။ သူတို့ ဖြစ်စေချင်တာက ဒီဘက် ဒုက္ခသည်စခန်းကနေ မြန်မာဘက် ထိန်းသိမ်းရေးစခန်းသွင်းဖို့၊ NVC ထုတ်ပေးဖို့။ ကြာလာတာနဲ့အမျှ မောင်တောမြောက်ပိုင်း ကန့်သတ်နယ်မြေ ဖန်တီးပြီးတော့ ထားဖို့ပါပဲ” လို့ ပြောပါတယ်။

ICG ရဲ့ အစီရင်ခံစာကတော့ လက်ရှိမှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့တာဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်သွားစေလိမ့်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ဒီအခြေအနေကို ပြုပြင်ဖို့၊ ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်တဲ့ပုံစံတွေ ပြောင်းပေးဖို့ တောင်းဆိုပြီး နိုင်ငံတကာ အလှူရှင်တွေအနေနဲ့လည်း ဒုက္ခသည်တွေ ကိုယ့်အားကိုယ်ကိုးလာနိုင်အောင် စီမံချက်တွေလုပ်ပေးဖို့နဲ့ အဲဒီအခြေအနေ ဖြစ်မလာခင်မှာ အရင်လိုပဲ ထောက်ပံ့တာတွေကို အပြည့်အဝပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013