DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ဒုက္ခသည်အရေး အာရုံစိုက်ပေးရန်  နိုင်ငံတကာကို ကုလ တိုက်တွန်း
DVB
·
October 20, 2023
ရိုဟင်ဂျာ ဒုက္ခသည်အရေး အာရုံစိုက်ပေးရန်  နိုင်ငံတကာကို ကုလ တိုက်တွန်း
Donate to DVB

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွက် ရန်ပုံငွေတွေဆိုးဆိုးရွားရွားလျော့ကျလာသလို မြန်မာနိုင်ငံကို အန္တရာယ်ကင်းစွာ ပြန်နိုင်ရေးအတွက်လည်း ရေရှည်စီမံချက်မရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အလေးထားပေးကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက အောက်တိုဘာလ ၁၇ ရက်မှာ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုက်ပါတယ်။  

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက “ပြဿနာတွေကတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ လျော့နည်းလာခြင်းအားဖြင့် ဒုက္ခသည်တွေအတွက် နေစရာတွေ နောက်ထပ်ဖန်တီးပေးဖို့လို ဟာမျိုးတွေမှာ ပိုမိုခက်ခဲလာစေပါတယ်။ ဒီလိုဖလင်ပြားလောက် အကာပါးပါးလေးတွေနဲ့ ဆောက်ထားတဲ့ ယာယီတဲတွေမှာ ဒီလိုရာသီဥတုနဲ့ လူတွေအကြာကြီးနေကြဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီတော့ အချိန်တိုင်း ပိုက်ဆံကို ထုတ်သုံးနေရင်းနဲ့ ကြာလာတော့ ပိုက်ဆံကလည်း မလောက်တော့ဘူး။ အဲဒီတော့ အခြေအနေတွေက တဖြည်းဖြည်းနဲ့ အရင်လို အကူအညီအကာအကွယ်မဲ့ဘက်ကို ပြန်သွားနေတာပေါ့”လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ တစ်သန်းနီးပါးဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

အဲဒီ ဒုက္ခသည်စခန်းတွေကို ကမ္ဘာပေါ်မှာ အကြီးဆုံး ဒုက္ခသည်စခန်းတွေလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ လူအသိုင်းအဝိုင်းထဲမှာရှိနေတဲ့ ကျောင်းဆောက်တာ၊ ရေတွင်းတူးတာ၊ အိမ်ပြင်တာတွေလိုမျိုး ပြဿနာလေးတွေကို စုပြီးတော့ ဖြေရှင်းကြဖို့ပဲ။ ဒါကတော့ ခြေလှမ်းအစလေးပေါ့။ ကျနော်တို့ အသက်ရှုမကြပ်အောင် ပြတင်းပေါက်လေး တစ်ခုတော့ ရှိဖို့ လိုတယ်မဟုတ်လား။ အဲလိုသဘောမျိုးနဲ့ ကျနော်တို့က လုပ်နေတာပါ။ ဒါတွေလုပ်ဖို့ကျတော့လည်း လက်တွေ့မြေပြင်မှာ အာဏာရှိတဲ့သူရဲ့ ခွင့်ပြုချက်ကလိုတာကြောင့် မြန်မာနိုင်ငံထဲမှာဆိုရင် စစ်တပ်က ခွင့်ပြုပေးမှရမှာ ဖြစ်နေတယ်။ ဒီနေရာမှာ အာဆီယံရဲ့အကူအညီကို ကျနော်တို့လိုနေတာပါပဲ။”

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ထိန်းသိမ်းပေးထားနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်တာနဲ့ ရိုဟင်ဂျာ ကလေးငယ်တွေကို ပညာသင်ကြားခွင့်ပေးတာအတွက် ဂရန်ဒီက ဘင်္ဂလားဒေ့ရှ်ကို ချီးမွမ်းပြောဆိုခဲ့ပြီး ရိုဟင်ဂျာတွေ သူတို့ဘာသာရပ်တည်နိုင်ရေးအတွက်ကိုလည်း သူတို့ကို ဒုက္ခသည် စခန်းတွေအတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုဂရန်ဒီက “ဘင်္ဂလားဒေ့ရှ်ကတော့ တော်တော်လေးကို စိုးရိမ်နေပုံရတယ်။ သူတို့ အလိုလိုတောင် လူဦးရေက နိုင်ငံနဲ့ အဆမတန်များပြားနေတာကိုမှ သူတို့နိုင်ငံရဲ့ အဆင်းရဲဆုံး ပြဿနာ အများဆုံးဒေသကို ဒုက္ခသည်တွေ ထပ်ရောက်လာတာဆိုတော့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်း တလျှောက်ဒေသဟာ အလွန်ကိုဆင်းရဲရှားပါးတဲ့ ဒေသဖြစ်ပါတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်ပြောချင်တာက ဒါဟာ ဥပဒေဘောင်ထဲက တရားဝင်ဖြစ်တယ်။ ဒုက္ခသည်စခန်းတွေထဲမှာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာမျိုး၊ ပညာရပ်တွေ လေ့ကျင့်သင်ကြားပေးတာမျိုးတွေ လုပ်ပေးရင်းနဲ့လည်း ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော်ယူဆထားပါတယ်” လို့ပြောပါတယ်။

ဒီဇင်ဘာမှာ ပြုလုပ်ဖို့ရှိနေတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များအရေးဖိုရမ် မတိုင်မီ ရိုဟင်ဂျာအရေးကိစ္စဒေသတွင်းက အစိုးရတွေနဲ့ ပုဂ္ဂလိကဌာန၊ အဖွဲ့အစည်းတွေဆီကနေ အသနားခံ အကူအညီတောင်းဖို့ ရည်ရွယ်ထားတဲ့ အစည်းအဝေးရှိတာကြောင့် ဂရန်ဒီဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေခဲ့ပါတယ်။

ဖိလစ်ပိုဂရန်ဒီက  “၆ နှစ်၊ ၇ နှစ်လောက်ဆိုတာ တော်တော်ကိုကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ ဒီလိုကာလကြာ တောင့်ခံပေးထားတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်ကိုလည်း အသိအမှတ်ပြုရပါမယ်။ လာသမျှ အကူအညီတွေကိုလည်း လက်ခံပေးခဲ့တယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထက်ပိုပြီး ကြာလာတဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ်အတွက်လည်း ဝန်တခုဖြစ်လာပုံရပါတယ်။ အဲဒါကြောင့်လည်း ဒီပြဿနာကိုဖြေရှင်းမယ့်နည်းလမ်းဟာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ပဲ ဖြစ်သင့်တယ်လို့ အခုသူတို့က ပြောလာတာပါပဲ။ မြန်မာနိုင်ငံက အခြေအနေတွေအရ အခုချိန်မှာ ပြန်ပို့ဖို့မဖြစ်နိုင်သေးဘူးဆိုတာကိုလည်း သူတို့ ကောင်းကောင်း သဘောပေါက်ပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်ထဲမှာ ဆက်ရှိနေပေမဲ့ ထောက်ပံ့ကူညီမှုတွေက လျော့နည်းလာတယ်။ ဒါဟာ ဒီအစည်းအဝေးကိုလုပ်ရတဲ့ အချက် နောက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ဖိုရမ်မှာ ကျနော်တို့ ဆက်ပြောသွားပါမယ်”လို့ ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေမှာ မြန်မာစစ်တပ်အပေါ်ပိုပြီး ဖိအားပေးကြဖို့ကိုလည်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို ဂရန်ဒီက တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် မြန်မာစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာမှာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဘူးလို့  ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြပါတယ်။

Source/Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013