DVB Logo
Home
မြန်မာသတင်း
စပါးရိတ်ခြွေခ မြင့်တက်နေသဖြင့် ဧရာဝတီတိုင်းက လယ်သမားများ အခက်ကြုံ
DVB
·
December 4, 2023
စပါးရိတ်ခြွေခ မြင့်တက်နေသဖြင့် ဧရာဝတီတိုင်းက လယ်သမားများ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်းမှာ မိုးစပါးတွေရိတ်သိမ်းနေတဲ့ လက်ရှိအချိန် စပါးရိတ်ခြွေခဈေးနှုန်းတွေ အရင်ထက် ၄ ဆနီးပါး ဈေးမြင့်တက်နေတာကြောင့် လယ်သမားတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

အခု ဒီဇင်ဘာလဟာ ဧရာဝတီတိုင်းမှာ မိုးစပါးတွေ ရိတ်သိမ်းနေချိန်ဖြစ်ပြီး စစ်ကောင်စီ အာဏာမသိမ်းခင်က စပါးတဧကကို ရိတ်ခြွေခ ကျပ် ၂၅,၀၀၀ သာရှိခဲ့ပေမဲ့ လက်ရှိ ကျပ် ၁၂၀,၀၀၀ အထိ ဈေးတက်လာပြီး ရိတ်ခြွေခနဲ့ စိုက်ပျိုးစရိတ်နုတ်ရင် အရှုံးပေါ်နေတယ်လို့ ဧရာဝတီတိုင်းက လယ်သမားတဦးက ပြောပါတယ်။ 

“အရင်က ရိတ်ခြွေခ စပါးတဧကကိုမှ ၂၅,၀၀၀ ပဲရှိခဲ့တာ၊ အခု ၁၂၀,၀၀၀ တဲ့။ စက်သုံးဆီဈေးမကျလို့ ရိတ်ခြွေခဈေး တက်ရတာလို့ ပြောတယ်။ လယ်လုပ်ရတာ ရိတ်ခြွေခဖိုးနဲ့ အရင်းထည့်ထားတဲ့ စိုက်ပျိုးစရိတ် နုတ်ရင် အရှုံးတယ်။ အာဏာသိမ်းတဲ့ အကျိုးဆက်တွေပေါ့။ လက်ရှိ တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ လယ်ယာလုပ်ငန်းလုပ်ဖို့တောင် စိတ်ကုန်လာတယ်။ အကြွေးတင်တာပဲ အဖတ်တင်တယ်။ တနှစ်နဲ့တနှစ် နာလန်မထူတော့ဘူး။ ကိုယ့်မှာက ရိတ်ခြွေမှမရှိတာ ငှားရိတ်ရတာ။” 

ဧရာဝတီတိုင်းမှာ ဒီနှစ်မိုးစပါးအထွက်နှုန်းလည်း ကျဆင်းနေပြီး အခုလို စပါးတွေ အထွက်နှုန်း လျော့ကျသွားတာဟာ ရာသီဥတုဖောက်ပြန်တာ အပါအဝင် ရွှေခရုကိုက်ဖျက်တာ၊ စပါးရွက်ဖျက်ပိုးကျတာ၊ စပါးတွေ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ ဈေးတက်လို့ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့် ရွာကို စွန့်ခွာပြေးကြရပြီး စပါးခင်းကို ဒီအတိုင်း ပစ်ထားခဲ့ရတဲ့ အတွက်ဖြစ်တယ်လို့  လယ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။ 

“ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးတဲ့ အချိန်က လုံခြုံရေး အခြေအနေတွေကြောင့် လယ်ကွင်းထဲကိုသွား အလုပ် မလုပ်နိုင်ဘူး။ စိုက်ပျိုးစရိတ်တွေ မတတ်နိုင်လို့ မစိုက်ပဲထားခဲ့ရတယ်။ စပါးတွေ စစိုက်တဲ့အချိန်က သုံးနေကျ ဓာတ်မြေဩ ဇာများမြေတွေ မသုံးနိုင်တာ ဒီအခြေအနေတွေကြောင့်၊ အခုစပါးတွေ အထွက်လျော့ကျနေတာ။ အရင်နှစ်တွေ အာဏာမသိမ်းခင်က စပါးတ ဧကကို ပျမ်းမျှ ၉၅ တင်းအထိ ထွက်ခဲ့တယ်။ ဒီနှစ် စပါးတဧကကို အများဆုံး ၇၂ တင်းလောက်သာထွက် တော့တယ်။ အခု ပုံစံအတိုင်းဆို တောင်သူတွေ နွေစပါး ဆက်စိုက်ဖို့တောင် အဆင်မပြေဘူး။” 

ဧရာဝတီတိုင်းဟာ ပြည်တွင်းမှာ ဆန်စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ တိုင်းဒေသကြီးတခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆန်ရိက္ခာအတွက် မထိခိုက်စေဖို့အတွက် တောင်သူလယ်သမားတွေ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို အဆင်ပြေပြေ လုပ်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့နဲ့ လယ်သမားတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ စပါးရိတ်စက်၊ စပါးထွန်စက်၊ စပါးမျိုးစေ့၊ ချေးငွေ၊ စက်သုံးဆီ စတဲ့ အရာတွေကို နိုင်ငံတော်က ထောက်ပံ့ပေးမှ အဆင် ပြေလိမ့်မယ်လို့ ကုန်သည်တွေ၊ လယ်သမားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013