
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကင်းလှည့်နေတဲ့ ရဲယာဥ်တန်းကို မတ် ၃၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ လက်အောက်ခံ ၁၀ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
PLA ရဲဘော်တယောက်က “ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် ၂၅၃ ဝန်းကျင် ရမည်းသင်းမြို့နယ်ထဲက ကျော်ကြားရွာနားမှာ ကင်းလှည့်လာတဲ့ ရဲကား ၄ စီးကို ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ ရဲယာဉ်တန်းဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဂိတ်ဖွင့်လှစ်ပြီး ခရီးသွား မော်တော်ယာဥ်တွေဆီကနေ ငွေကြေးတောင်းယူနေသလို အမြန်လမ်းပေါ်မှာ မကြာခဏ ကင်းလှည့် နေတယ်လို့လည်း ဆိုပါတယ်။
PLA ပြန်ကြားရေး တာဝန်ရှိသူက “ရန်သူ့ယာဥ်တန်းမှာ ရဲကား ၄ စီးနဲ့ အင်အား ၂၀ လောက်ပါလာတဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ နှစ်ဖက် ပစ်ခတ်မှုက မိနစ် ၂၅ လောက် ကြာခဲ့တယ်။ သူတို့ဘက်က ၁၀ ယောက် သေတာကတော့ မျက်မြင်တွေ့ခဲ့ရပါတယ်။ ဒဏ်ရာရသူတွေရှိတာလည်း မြင်ခဲ့ရပေမဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်ပါဘူး။ အခု တိုက်ခိုက်ခဲ့တဲ့နေရာက နေပြည်တော်နဲ့လည်း အရမ်းနီးနေတော့ တန်းပြန်ဆုတ်လာခဲ့တာပါ။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ ဒဏ်ရာရတာ မရှိပါဘူး” လို့ ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဝန်းကျင်ကို စစ်တပ်ဘက်က အင်အားအလုံးအရင်း ဖြည့်တင်းထားပြီး ရှင်းလင်းနေပါတယ်။
အဲဒီတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
မတ် ၂၃ ရက် မနက်ပိုင်းကလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းရွာကြားက မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာ စစ်တပ်လက်အောက်ခံတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်အဆင့်ရှိသူတယောက် အပါအဝင် ၈ ယောက် သေဆုံးကာ သေနတ်တလက်လည်း သိမ်းဆည်းရမိခဲ့ ပါတယ်။
ခရီးသွားပြည်သူတွေ အနေနဲ့လည်း စစ်တပ်လက်အောက်ခံ ယာဥ်တန်းတွေနဲ့ အနီးကပ် မောင်းနှင်တာတွေ မပြုလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။








