DVB Logo
Home
မြန်မာသတင်း
ပေါက်တောတွင် ရဟတ်ယာဉ်ဖြင့်ပစ်ခတ်၊ ဖမ်းဆီးထားသည့် ဘူးသီးတောင်မြို့ခံတချို့ကို အမှုဖွင့်
DVB
·
December 2, 2023
ပေါက်တောတွင် ရဟတ်ယာဉ်ဖြင့်ပစ်ခတ်၊ ဖမ်းဆီးထားသည့် ဘူးသီးတောင်မြို့ခံတချို့ကို အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်က နန်းတက်ကျွန်းရွာနဲ့ စိုင်းတုတ်ရွာတို့ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး ဘူးသီးတောင် မြို့နယ်မှာတော့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးထားသူတွေထဲက ၈ ယောက်ကို အမှုဖွင့်လိုက်ပါတယ်။

ပေါက်တောမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်းက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့လို့ နန်းတက်ကျွန်းနဲ့ စိုင်းတုတ်ရွာတို့က အိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ပစ်ခတ်တဲ့ စိုင်းတုတ်ကျေးရွာက ဘုန်းကြီးကျောင်းခြံဝင်း စေတီတွေအနီးမှာလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နန်းတက်ကျွန်းနဲ့ ပေါက်တောမြို့က တဖက်တကမ်းမှာ ရှိတာဗျ။ အဲဒါကြောင်း နှစ်ဖက်စလုံးကို ရဟတ်ယာဉ် အလွယ်တကူ ပစ်ခတ်နိုင်​ခဲ့တာပေါ့ဗျာ” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့ ဘေးပတ်ဝန်းကျင်က တောင်းဖူး၊ တောင်ညို၊ သဝင်ချောင်း၊ မင်းဘာ၊ ကြိမ်ခွေမော်၊ ကျောက်ဆိပ်၊ နတ်တောင်ပြင်၊ ဒါးကိုင်၊ သရွဲ၊ နတ်တောင်ပြင်၊ ငခူရှည်၊ မော်ထောင်ကြီး၊ ကျော်ရှင်ရွာတို့က ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးခဲ့ရပါတယ်။ 

ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ရဟတ်ယာဉ် ၁ စင်းဟာ အဲဒီရွာတွေနားမှာ ဖြတ်သန်းပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြည်း၊ ရေ၊ လေ သုံးခုပေါင်း ပိတ်ဆို့တိုက်ခိုက်နေလို့ ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ မြို့သူမြို့သားတွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ဆက်လက်ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းတခုကိုလည်း  အေအေက ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ ရက္ခိုင်တပ်တော် အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းထားတဲ့သူ ၁၃ ယောက်ရှိပြီး အဲဒီထဲက ၉ ယောက်ကို ပုဒ်မ ၁၇ (၁)(၂)နဲ့ အမှုဖွင့်ပြီး ချုပ်ရမန်ယူထားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မနေ့က ဖမ်းသွားတဲ့ စည်ပင်ဝန်ထမ်းတဦးအပါအဝင် ဒေသခံ ၃ ဦး ဖမ်းဆီးခံရတယ်။ ယခင် ဖမ်းဆီးခံရသူတွေနဲ့ဆိုယင်  ၁၃ ဦးအထိ ရှိလာနေတယ်ဗျ။ ၈ ဦးကို အမှုဖွင့်ပြီး ချုပ်ရမန် ၂ ပတ်အထိ ရယူထားတယ်။ အချို့ကျတော့ မယူရသေးဘူး” လို့ ပြောပါတယ်။

အမှုဖွင့်ခံထားရသူတွေကတော့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေပြီး ဘူးသီးတောင်မြို့၊ သွေးလှူရှင်များအသင်းဥက္ကဋ္ဌ ကိုထွန်းအေးနဲ့ ဒေသခံ ရခိုင် ၁ ယောက်၊ မွတ်ဆလင် ၇ ယောက် ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့အထိ ချုပ်ရမန်ယူထားတယ်လို့ သိရပါတယ်။

သူတို့ကို နိုဝင်ဘာ ၁၄ ရက်နေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇(၁) က မတရာအသင်းကိုကူညီပံ့ပိုးမှုဖြစ်ပြီး ၁၇(၂)ကတော့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှု ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ လရက်နေ့က ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက်က စည်ပင်ဝန်ထမ်း ဦးထွန်းထွန်းစိုး၊ ဒေါ်သိန်းမြနုရဲ့ အိမ်ရှင်ဖြစ်သူနဲ့ သူ့ရဲ့သားတယောက်တို့ကို ဘူးသီးတောင်မြို့ မဟာဓာတ်အားလိုင်းခွဲရုံးနားမှာ စစ်ကောင်စီကားတစီး မိုင်းဆွဲ ခံရပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့မှာ ရက္ခိုင်တပ်တော်အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013