DVB Logo
Home
မြန်မာသတင်း
၁၀၅ မိုင်တွင် ပရဟိတကားတစီး ပစ်ခတ်ခံရ၊ လားရှိုးမြို့အဝင်ဂိတ်၌ စစ်ရှောင်ထောင်ချီ ပိတ်မိ
DVB
·
November 30, 2023
၁၀၅ မိုင်တွင် ပရဟိတကားတစီး ပစ်ခတ်ခံရ၊ လားရှိုးမြို့အဝင်ဂိတ်၌ စစ်ရှောင်ထောင်ချီ ပိတ်မိ
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မူဆယ် ၁၀၅ မိုင်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို သွားကယ်ဆယ်တဲ့ ပရဟိတကား ၁ စီး နိုဝင်ဘာ ၃၀ ရက်‌ နေ့လယ်ပိုင်းက ပစ်ခတ်ခံရပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ‌လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “ပြည်သူနှစ်ဦး ထိတယ်။ အသင်းကလူတွေတော့ ဘာမှမဖြစ်ဘူး။ ကားကတော့ စက်နှိုးမရတော့လို့ အဲ့မှာပဲ ပစ်ထားခဲ့ရတယ်” လို့ ပြောပါတယ်။

ဒုတိယအခေါက်မှာ ၁၀၅ မိုင်က ပိတ်မိဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သွားရောက်ခေါ်ယူနေချိန် ပရဟိတ နှလုံးလှကားတစီး အပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။

“အဘွားနဲ့ အမ ကျည်ထိလာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

တဦးက လက်မှာထိပြီး တဦးကတော့ ‌ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရထားပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ပရဟိတကားတွေ ပစ်ခတ်ခံခဲ့ရတဲ့နောက် ညနေ ၃ နာရီကျော်ဝန်းကျင်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ၁၀၅ မိုင်မှာ ၂ မိနစ်ခြား ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ နယ်စပ်ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတဦးက “တာလုံရွာမှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသားတဦး ခေါင်းမှာ ကျည်စထိသွားတယ်။ သတိမရသေးဘူး။ ရွှေလီဆေးရုံ သွားနေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်ကလည်း အိမ်ပြင်ထွက်ကြည့်တဲ့ ပြည်သူတဦး အပါအဝင် ၁၀၅ မိုင်ကနေ မူဆယ်ဘက် စစ်ရှောင်လာတဲ့ ပြည်သူ ၇ ဦး ပစ်ခတ်ခံခဲ့ရကာ အဲဒီထဲက ကလေးငယ်နဲ့ သားအမိ သေဆုံးခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မူဆယ် ၁၀၅ မိုင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ညကတည်းက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အဝင် ဟိုပိတ်ဂိတ်မှာ စစ်ကောင်စီတပ်က စစ်ဆေးတင်းကျပ်နေတာကြောင့်  နိုဝင်ဘာ ၂၈ ရက်မနက်ကစ တိုက်ပွဲတွေကြောင့် လောက်ကိုင်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ထောင်ချီပိတ်မိနေပြီး အခက်အခဲ ကြုံနေကြရပါတယ်။

ဟိုပိတ်ဂိတ်မှာ စစ်တပ်က စစ်ဆေးရေးတင်းကျပ်နေပုံကို ဒေသခံအမျိုးသားတဦးက "တနေ့ကတည်းက ဟုတ်တယ်။ စစ်ဆေးရင်း စစ်ဆေး၊ အဓိပ္ပာယ် မရှိဘူး စစ်ဆေးနေတယ်။ ၆၈ ဂိတ်ဘက်လည်း ၂ ရက်လောက် သောင်တင်ခဲ့တဲ့လူတွေ ရှိတယ်။ ... လားရှိုးက မဟုတ်ရင် ပေးမဝင်ဘူး။ အသားကုန် စစ်ဆေးတယ်။ အိမ်ထောင်စုနဲ့တောင် သွားရွေးရတယ်" လို့ ပြောပါတယ်။

အမျိုးသမီးတဦးက "ကျမတို့က ၆၈ တပ်ဂိတ်ဘက်ကနေလာတာ။ အရမ်းစစ်တယ်။ ကျောင်းဆရာမ ဝန်ထမ်းတွေပါလို့ ဆိုင်ကယ် ၉ စီးပဲ လွှတ်ပေးပြီး ပိတ်လိုက်တယ်။ ဟိုပိတ်ဘက် သူငယ်ချင်း ၁ ယောက် ကျန်ခဲ့လို့ သွားကြိုတာ လွှတ်မပေးဘူး၊  ၂ ရက်ရှိပြီ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်ကနေ လားရှိုးထိ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဟိုပိတ် စစ်တပ်ဂိတ်မှာ စစ်ဆေးရေး တင်းကျပ်နေတာကြောင့် အခက်အခဲ ကြုံနေကြရတာပါ။

ဒေသခံ နောက်တဦးက "မှတ်ပုံတင်စစ်၊ ဟိုဟာစစ်၊ ဒီဟာစစ်လေ။ ယစ်တာ‌ပါ။ တရုတ်ငွေပါလား ဆိုတာမျိုး။ တရုတ်ငွေတွေ အလကား သိမ်းယူချင်လို့ ဉာဏ်နီ ဉာဏ်နက် လုပ်နေတာ။ နည်းနည်း အာဏာ ပါဝါပြချင်နေတဲ့ သဘောပါ" လို့ ပြောပါတယ်။

လောက်ကိုင်ကနေ ပြန်လာရင် ကွမ်းလုံ - သိန္နီ လမ်းကြောင်းနဲ့ ဝပြည် - တန့်ယန်း လမ်းကြောင်းတွေရှိကာ ပါစင်ကျော်ကနေ သိန္နီထိ၊ သိန္နီကနေ လားရှိုး မရောက်ခင်အထိ MNDAA ကိုးကန့်တပ်က အကုန်လုံး လုံခြုံရေးယူထားလို့ သိရပါတယ်။

လူငယ်တဦးက "ကျနော်တို့က ၂ ရက် ကြာတယ်။ လမ်းမှာ ဒုက္ခအရမ်းရောက်လို့ မျက်ရည်တောင်ကျခဲ့ရတယ်။ အဖွဲ့တွေလည်းကွဲ။ ... ဂျာယန်ကနေ လာရှိုးမရောက်ခင် ရှမ်းရွာနား ပလောင်စစ်သားတွေ တိုက်ပွဲ ဖြစ်နေလို့ ၆ နာရီလောက် ကြာစောင့်ခဲ့ရတယ်။ အဲကနေ ဆင်းလာပြီး လားရှိုး မရောက်ခင်မှာလည်း ၂ နာရီ၊ ၃ နာရီ ကြာစောင့်ခဲ့ရတယ်။ တော်တော်ဒုက္ခရောက်ခဲ့တယ်။"

လူတွေ ထာင်ချီ ပိတ်မိနေပြီး ရေ၊ အစားအသောက်နဲ့ အိပ်စရာနေရာတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013