
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဇွန် ၁၄ ရက်မနက်ပိုင်း ပရဟိတ လူမှုကူညီရေးအသင်းယာဉ် ၁ စီးက လမ်းလျှောက်နေတဲ့ အမျိုးသားတယောက်ကို ဝင်တိုက်မိတာကြောင့် အတိုက်ခံရသူ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့မနက် ၅ နာရီဝန်းကျင်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ မောင်းလာတဲ့ ပရဟိတ လူမှုကူညီရေးအသင်းယာဉ်က လမ်းလျှောက်နေတဲ့ အမျိုးသားကို ဝင်တိုက်ခဲ့တာလို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမား တယောက်က ပြောပါတယ်။
“ပရဟိတကားက တောင်ငူမြို့အခြေစိုက် ပရဟိတအသင်းကားလို့ သိရပါတယ်။ နေပြည်တော်ဘက်ကို လူနာသွားပို့ပြီး အပြန်မှာဖြစ်တာ။ လမ်းလျှောက်နေတဲ့ အမျိုးသားကို ဝင်တိုက်တာ။ ကားနဲ့အတိုက်ခံရသူကို ဆေးရုံပို့ပေမဲ့ သေဆုံးသွားတာ။”
သေဆုံးသူဟာ ရေတာရှည်မြို့နယ်မှာ နေထိုင်တဲ့ ကိုထွေး ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကိုတော့ ရေတာရှည်မြို့မရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ လူသေမှုနဲ့ ဖမ်းဆီးအမှုဖွင့် အရေးယူထားပါတယ်။










