DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ပုဂ္ဂလိကတက္ကသိုလ်များရှိ ၁၈ နှစ်ပြည့် ကျောင်းသားစာရင်း ကောက်ခံနေ
DVB
·
November 27, 2023
စစ်ကောင်စီက ပုဂ္ဂလိကတက္ကသိုလ်များရှိ ၁၈ နှစ်ပြည့် ကျောင်းသားစာရင်း ကောက်ခံနေ
Donate to DVB

ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေမှာ  Higher National Diploma (HND) ဒီပလိုမာအတန်း သင်ကြားနေတဲ့ အသက် ၁၈ နှစ် ပြည့်ပြီးသား ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို  စစ်ကောင်စီက ဖိအားပေး ကောက်ခံနေလို့ မိဘတွေ စိုးရိမ် နေပါတယ်။

နိုဝင်ဘာ ၇ ရက်က အသစ်ပြဋ္ဌာန်းလိုက်တဲ့ အဆင်မြင့်ပညာကျောင်း ဥပဒေအရ ပုဂ္ဂလိကကျောင်းတွေမှာ အတန်းအလိုက် ကျောင်းသား အတိုးအလျှော့စာရင်း၊ ကျောင်းသားတွေရဲ့ နာမည်စာရင်းနဲ့ ဆရာ ဆရာမတွေရဲ့ ကိုယ်ရေးအချက်အလက်၊ ကျောင်းရဲ့ ဘဏ္ဍာရေးကောက်ခံမှု စာရင်းတွေ ပေးရမယ်လို့ ထုတ်ပြန်ထားတာပါ။

ပုဂ္ဂလိကကျောင်းတွေကို ဒီဇင်ဘာ ၂၂ ရက် မတိုင်ခင် ကျောင်းသားတွေရဲ့ အချက်အလက် စစ်ကောင်စီဘက်က အပြီးကောက်ခံခိုင်းထားပြီး ကျောင်းသားစာရင်း မပေးရင် ကျောင်းပိတ်ရမယ်လို့ ဖိအားပေးထားကြောင်း ပုဂ္ဂလိကတက္ကသိုလ်မှ ဆရာတယောက်က ပြောပါတယ်။

“ကျောင်းတွေဘက်ကလည်း ကျောင်းစစ်ဝင်တာတွေမှာ တကယ်လို့ စာရင်းတွေ မပေးထားဘူးဆိုရင် ပြဿနာတက်မှာစိုးတယ်။ ဒီအတွက် စာရင်းတွေကောက်တယ်ဆိုတာ နားလည်စေချင်တယ်။ တဖက်မှာလည်း ကျနော်တို့ ကျောင်းတွေကိုယ်တိုင်က ဖိအားတွေ ဖြစ်နေပါတယ်။ ဒီဇင်ဘာလ နောက်ဆုံးပတ်မတိုင်ခင် ကျောင်းသားစာရင်းတွေ၊ ကျောင်းသားအချက်အလက်တွေ ပို့ရမယ်ဆိုပြီးတော့ မြေပြင်မှာ တကယ့် ကျောင်းသူ ကျောင်းသား စာရင်းတွေ ဆရာ ဆရာမတွေက ပြန်ကောက်ယူရတာပေါ့။ ဒီအနေအထားမှာ တချို့ကလည်း အဆင်မပြေကြဘူး၊ စိုးရိမ်ကြတယ်။ ကျောင်းသားမိဘတွေကလည်း သတင်းမျိုးစုံကြားထားတော့ စိတ်ပူကြတယ်။ ကျနော်တို့အနေနဲ့ကလည်း ဒါ ကျောင်းစစ်ဝင်တဲ့အခါ မပေးထားဘူးဆိုရင် ဖြေရှင်းရတာ အဆင်မပြေတာတွေ ဖြစ်မယ်။ ဒီအတွက်ကြောင့် ကောက်ယူနေရတဲ့သဘော ဖြစ်ပါတယ်။”

ကျောင်းသားမိဘတွေဘက်ကတော့ ကျောင်းသားတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းဖိအားပေးမှာ စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို မကြိုက်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုဂ္ဂလိကပညာရေးကို ပြည်သူအများစု ရွေးချယ်လာကြပြီး အခုလို ပုဂ္ဂလိကကျောင်းတွေထိပါ ဖိအားပေး အကျပ်ကိုင်လာတာက ကျောင်းသား၊ မိဘနဲ့ ဆရာ ဆရာမတွေကြား ဘေးကျပ်နံကျပ် ဖြစ်ရတယ်လို့ ဆိုပါတယ်။

ကျောင်းသားမိဘတဦးက “လက်ရှိကတော့ ကျောင်းသားအချက်အလက်တွေကို မပေးရင် ကျောင်းတက်ခွင့်တွေပါ ရုပ်သိမ်းမယ် ပြောနေပြီ။ သားကို နိုင်ငံခြားထိလွှတ်ဖို့ ရည်ရွယ်ထားတာ အခုက အချက်အလက်လည်း မပေးရဲတော့ အတော်လေးကို ဘေးကျပ်နံကျပ် ဖြစ်နေရတယ်။ အခုက နိုင်ငံရေးနဲ့လည်း မနွှယ်ချင်လို့ Private University ထားတာပါ။ ကျောင်းကိုလည်း လိုက်သွားပြီး မေးတယ်လေ။ မေးတော့ သူတို့လည်း ကျကျနန မဖြေနိုင်ဘူး။ ကိုယ်ပဲလားဆိုတော့ မဟုတ်ဘူး၊ တခြားမိဘတွေလည်း ပူပန်နေကြတာ။ အခုက အသက် ၁၈ ကနေ ၂၀ ကြား ကျောင်းသားတွေ အဓိကထားတယ်ဆိုတော့ ပိုစိတ်ပူတယ်။ အခုက စကစ လူလိုလို့ ကလေးတွေကို အချက်အလက်တွေ တောင်းနေတာလား ကျမတွေးကြည့်ပြီး သားအတွက် ရတက်မအေးရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဘက်က ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတာဟာ CDM ကျောင်းသားစာရင်းကို သိလိုတာ၊ ကျောင်းသားတွေကို လူသားဒိုင်းလုပ်ချင်တာနဲ့ စစ်မှုထမ်းဖို့ ဖိအားပေးချင်တာ ဖြစ်နိုင်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့ အခုလို ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက် တောင်းခံနေတာဟာ သတင်းအမှားတွေဖြစ်တယ်လို့ နိုဝင်ဘာ ၂၃ ရက်က တုံ့ပြန်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ပုဂ္ဂလိကတက္ကသိုလ်တွေက Higher National Diploma (HND)  ဒီပလိုမာတန်းတွေကိုသာ အဓိက ကောက်ခံနေပြီး နောက်ပိုင်းမှာ တခြား ဒီပလိုမာတန်း၊ မာစတာတန်းတွေနဲ့ တခြားပုဂ္ဂလိကကျောင်းတွေပါ ပါဝင်လာနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ကျောင်းသားတွေဟာ  စစ်ကျွန် ပညာရေးစနစ်ကို ဆန့်ကျင်ခဲ့ကြပြီး CDM လုပ်ခဲ့ကြတာ အခုဆိုရင် ၃ နှစ်နီးပါး ရှိပါပြီ။ တနိုင်ငံလုံးမှာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားဦးရေ သန်းနဲ့ချီ ရှိနေပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013